မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ချက်ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ ပတ်သက်လို့ ပရိသတ်တွေက ဝေဖန်ပြစ်တင်နေကြပါတယ်။ ဒီပွဲမှာ ပေါ်တူဂီက ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး အုပ်စုအဖွင့်မှာ မျက်နှာပန်းလှခဲ့တာပါ။
ဒါပေမယ့် ဘာနာဒိုဆေးလ်ဗားရဲ့ခြေစွမ်းကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ပရိသတ်တွေက ဒီကစားသမားနဲ့ ပတ်သက်လို့ ဝေဖန်ပြစ်တင်နေကြတာပါ။ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးမှာ ဘယ်လောက်ပဲခြေစွမ်းပြပါစေဦး၊ ပေါ်တူဂီရောက်တာနဲ့ ခြေစွမ်းပျောက်ဆုံးနေကျ ကစားသမားလည်း ဖြစ်ပါတယ်။
အဆိုပါ ကွင်းလယ်တိုက်စစ်ကစားသမားက ပေါ်တူဂီအတွက် ယူရို၊ ကမ္ဘာ့ဖလားတို့မှာ ဂိုးသွင်း၊ ဂိုးဖန်တီးထားနိုင်ခြင်း မရှိသေးပါဘူး။ မနေ့ကပွဲမှာလည်း သူ့ရဲ့ကစားပုံက အသင်းအတွက် ဘာအကျိုးမှ မရှိခဲ့ဘဲ ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ပရိသတ်တွေက “ဘာနာဒိုဆေးလ်ဗားက ပေါ်တူဂီရဲ့ဖိုဒန်ဖြစ်နေပြီ။ သူက နိုင်ငံအသင်းရောက်ရင် ဘာကိုမှ အပြောင်းအလဲမလုပ်နိုင်ပါဘူး။ မန်စီးတီးမှာ မဟုတ်လို့ကတော့ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားစာရင်းထဲမှာ ဘာနာဒိုဆေးလ်ဗားက သူ့နာမည်ကို သူကိုယ်တိုင် ထည့်သွားတာပါ”
“ဘယ်ပရိသတ်ကမှ ဘာနာဒိုဆေးလ်ဗားကို ပေါ်တူဂီမှာ မမြင်ချင်ပါဘူး။ သူက အသက် (၄၀) အရွယ် အင်နီယေစတာ ဂျပန်မှာ ကစားနေသလို ပုံစံမျိုးနဲ့ပါ” လို ဝေဖန်ပြောကြားခဲ့ကြပါတယ်။ မနေ့ကပွဲမှာ မန်စီးတီးနောက်ခံလူပဲဖြစ်တဲ့ ကန်ဆယ်လိုလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။