ရော်နယ်ဒိုကို ရည်ရွယ်ပြီး စောင်းမြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက အသင်းမှာမရှိတော့တဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ နာမည်တပ်ပြီး မပြောခဲ့ပေမယ့် ရော်နယ်ဒိုကို ရည်ရွယ်ထိုးနှက်တဲ့ စကားအချို့ ပြောဆိုသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီညမှာ စီးရီးအေပွဲစဥ်အဖြစ် တိုရီနိုနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အယ်လီဂရီက အခုလိုမျိုးပဲ ပြောကြားသွားခဲ့တာပါ။



ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ပြီးဆုံးဖို့ ရက်အနည်းသာလိုတော့ချိန်မှ အသင်းကနေ ရုတ်တရက်ထွက်ခွာခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီအပေါ်မှာ ဂျူဗင်တပ်စ်အနေနဲ့ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်ချိန်မရခဲ့တာကြောင့် ရုန်းကန်ခဲ့ရပြီး ဂျူဗင်တပ်စ်ဘက်တော်သားတွေကလည်း ရော်နယ်ဒိုကို ဝေဖန်ခဲ့ကြပါတယ်။

 

ရော်နယ်ဒိုနဲ့အယ်လီဂရီတို့ဟာ (၂၀၁၉) မှာ စီးရီးအေချန်ပီယံဆုကို အတူတကွ ဆွတ်ခူးနိုင်ခဲ့ကြပြီး အသက် (၅၄) နှစ်အရွယ် အဆိုပါနည်းပြဟာ အဲ့ဒီရာသီအပြီးမှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာတော့ အယ်လီဂရီ ပြန်လည်ရောက်ရှိလာခဲ့ပြီး ရာသီအဖွင့်ပွဲအဖြစ် အူဒီနီးစ်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ရော်နယ်ဒို ပါဝင်ကစားခဲ့ပါသေးတယ်။

 

ဒါပေမယ့် နောက်ပိုင်းမှာတော့ ရော်နယ်ဒို အသင်းကထွက်ခွာခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသိုင်းအဝိုင်းနဲ့ ရော်နယ်ဒိုအကြား ဆက်ဆံရေးခွာပြဲခဲ့ဟန်ရှိပါတယ်။ မနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း အယ်လီဂရီက “တကိုယ်ရည်တကာယပစ်မှတ်တွေကို ဘေးချိတ်ထားပြီး အသင်းအတွက် ပိုပြီး အာရုံစိုက်သင့်တယ်လို့ ကျနော်ထင်ပါတယ်”

 

“ကျနော်တို့ အခုဆို ဒီအသင်းက (၆) လ ဒါမှမဟုတ် (၇) လလောက် အတူတကွရှိလာခဲ့ပါပြီ။ တယောက်အကြောင်းလည်း တယောက်ပိုသိလာပြီး ကျနော်တို့က အသင်းတသင်းလို ပိုမိုခံစားလာရပါပြီ” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ အယ်လီဂရီအနေနဲ့ ရော်နယ်ဒိုကို နာမည်တပ်ပြောကြားခဲ့တာမျိုးမရှိပေမယ့် ပရိသတ်တွေကတော့ အယ်လီဂရီရဲ့ ပြောစကားတွေဟာ သေချာပေါက် ရော်နယ်ဒိုကို ထိုးနှက်ခဲ့တာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ 

Share

Loading Next Article...
က္က