တော်တော်လေးကို ကြည့်ကောင်းတဲ့ပွဲတပွဲကို ပရိသတ်တွေ ခံစားခွင့်ရခဲ့တာပါ။ ကက်စ်မဲရိုးမပါဝင်နိုင်တဲ့ ရီးရဲလ်ကွင်းလယ်နဲ့ ခံစစ်အားနည်းချက်ကို မန်စီးတီးက အပြည့်အဝအသုံးချနိုင်ခဲ့ပြီး ဂိုးတွေလည်း စောစောစီးစီးရခဲ့ပါတယ်။
မာရက်ဇ်နဲ့ဖိုဒန်တို့သာ ဂိုးသွင်းသေချာခဲ့ရင် ရီးရဲလ်ကို ဦးချိုးနိုင်လောက်တဲ့အထိ ဂိုးပြတ်သွားမှာဖြစ်ပေမယ့် အသုံးမချနိုင်ခဲ့တာ မန်စီးတီးအတွက် နစ်နာခဲ့ပါတယ်။ မာရက်ဇ်ရဲ့အပိုင်အခွင့်အရေးမှာ ဂွါဒီယိုလာတယောက် အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့တာက မထင်မှတ်တဲ့ အနေအထားကနေ ရီးရဲလ်ဂိုးပြန်ရနိုင်တာ သိလို့ပါပဲ။ ဂွါဒီယိုလာက ပွဲကို တတ်နိုင်သလောက် ဖြတ်ချင်တာပါ။
မန်စီးတီးအတွက် ဦးဆောင်ဂိုးနှစ်ဂိုးလုံးကို ပွဲအစ (၁၀) မိနစ်ဝန်းကျင်မှာတင် ရခဲ့ပြီး အထနှေးမှုနဲ့အတူ ရီးရဲလ်နောက်တန်းက မီလီတာအို၊ အလာဘာတို့ အားနည်းချက်တွေက အတော်သိသာခဲ့ပါတယ်။ မာရက်ဇ်ရဲ့ ဖန်တီးပေးပို့မှုတဆင့် ဒီဘရိုင်းက လှလှပပခေါင်းတိုက်သွင်းခဲ့ပါတယ်။
အဲ့ဒီနောက် ဂျီးဆပ်စ်က အလာဘာအပါအဝင် ရီးရဲလ်ခံစစ်တန်းရဲ့အားနည်းချက်ကတဆင့် ဒုတိယဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။ ရီးရဲလ်ကွင်းလယ်မှာ တိုနီကရူးစ်က အဖျက်နေရာ ဆင်းဆော့ခဲ့ပြီး ဒီနေရာ ဒီအားနည်းချက်ကြောင့်ပဲ ရီးရဲလ်တို့ရုန်းကန်ခဲ့ရတာပါ။ ဗယ်လ်ဗာဒီနဲ့ရိုဒရီဂိုတို့ရဲ့ ညာခြမ်းက လုံးဝကိုအသက်မဲ့နေပြီး မိုဒရစ် ရုန်းပေးနေသည့်တိုင် ဝန်အားနဲ့မမျှခဲ့ပါဘူး။ ရီးရဲလ်နောက်တန်းနဲ့ကွင်းလယ်ကလည်း မန်စီးတီးရဲ့ Pressing ဒဏ်ကို ဘယ်လိုမှမခံစားနိုင်ခဲ့ပါဘူး။
ဘန်ဇီမာကတော့ ရီးရဲလ်အတွက် မဖြစ်မနေ ချီးကျူးသင့်တဲ့ ကစားသမားဖြစ်ပြီး ရလာတဲ့အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ရီးရဲလ်အတွက် ချေပဂိုးသွင်းပေးခဲ့ပါတယ်။ မန်စီးတီးက ဒီပွဲမှာ ညာနောက်ခံလူအဖြစ် ဝင်ကစားနေတဲ့ ဂျွန်စတုန်းစ်ရဲ့နေရာကို ပထမပိုင်းမပြီးခင်မှာတင် ဖာနန်ဒင်ဟိုနဲ့ လူစားလဲခဲ့ရပါတယ်။ ဒဏ်ရာပြဿနာလည်းရှိခဲ့ပုံပါပဲ။
ဒုတိယပိုင်းစတာနဲ့ ရီးရဲလ်က နောက်တန်းက အလာဘာနေရာ နာချိုကို ထည့်သုံးခဲ့ပေမယ့် ချက်ချင်းပဲ သူ့ရဲ့ အားနည်းချက်ကတဆင့် ဂိုးပေးရမလိုဖြစ်ခဲ့ပါတယ်။ မာရက်ဇ်ရဲ့ကန်ချက် တိုင်ထိထွက်ခဲ့ပြီး ဒီဘောလုံးကို ဖိုဒန် ထပ်ဆင့်ပိတ်ခဲ့ပေမယ့် ကာဗာဟယ်လ်နဲ့ ထိထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဆက်တိုက်ဖိကစားနေတဲ့ မန်စီးတီးရဲ့ တိုက်စစ်ဒဏ်ကို အားနည်းလွန်းတဲ့ ရီးရဲလ်နောက်တန်း ဘယ်လိုမှမခံနိုင်ခဲ့ပါဘူး။
ဖာနန်ဒင်ဟိုဖြတ်ပို့ပေးလိုက်တဲ့ ဘောလုံးကို ဖိုဒန်က ဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး မန်စီးတီးအတွက် တတိယဂိုးထပ်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ရီးရဲလ်တို့ချေပဂိုးရခဲ့ပြီး ဒီဂိုးကတော့ ဖာနန်ဒင်ဟိုရဲ့ အားနည်းချက်လို့ဆိုရမှာပါ။
ဗီနီရှပ်စ်က ဖာနန်ဒင်ဟိုကို လှည့်ထွက်၊ ကွင်းလယ်ကနေ တယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး သွင်းယူသွားခဲ့တာပါ။ ဒီဂိုးမှာ ဖာနန်ဒင်ဟို ဘယ်လိုမှပြန်မလိုက်နိုင်ခဲ့သလို ဒီယက်စ်ပါ ရှေ့ကျွံနေချိန်မှာ မန်စီးတီး ကွင်းလယ်နဲ့နောက်တန်းကလည်း ဘယ်သူမှမဟန့်တားနိုင်လိုက်ပါဘူး။
နောက်ပိုင်းမှာ ပွဲက နည်းနည်းအေးသွားသလိုရှိပေမယ့် မန်စီးတီးက အနိုင်သေချာစေမယ့် ဂိုးထပ်ရခဲ့ပါတယ်။ ဇင်ချန်ကိုရဲ့ Foul advantage ကတဆင့် ရီးရဲလ်ကစားသမားတွေ အငိုက်မိနေချိန်မှာ ဘာနာဒိုဆေးလ်ဗားက လှလှပပကန်သွင်းသွားခဲ့တာပါ။ ဒါပေမယ့် ဒီပွဲရဲ့ ထုံးစံလို့ပြောရအောင်ကို မန်စီးတီးတို့ ချေပဂိုးပြန်ပေးခဲ့ရပါတယ်။
လာပေါ့တ်လက်ထိခဲ့တာကြောင့် ရီးရဲလ်ပင်နယ်တီရခဲ့ပြီး ဒီပင်နယ်တီကို ဘန်ဇီမာက Panenka Kick နဲ့ အဆုံးသတ်ကန်သွင်းယူပေးခဲ့ပါတယ်။ လက်ကျန် (၁၀) မိနစ်ဝန်းကျင်မှာ မန်စီးတီးတို့အခွင့်အရေးအချို့ထပ်ရခဲ့ပေမယ့် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ၄-၃ ဂိုးနဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးတို့ အခုထက် ဂိုးပိုပြတ်သင့်ပြီး အနည်းဆုံး ဂိုးဒါဇင်ဝက်လောက်အထိ ရနိုင်ခဲ့တာပါ။
မန်စီးတီးအတွက် ဒုတိယအကျော့ ဘာနေဗျူးကွင်း သွားကစားဖို့ကျန်နေသေးချိန်မှာ တဂိုးအသာနဲ့ပဲနိုင်ခဲ့တာက ဒီနေ့ပွဲမှာရရှိခဲ့တဲ့အခွင့်အရေးတွေနဲ့ ယှဥ်ရင် နစ်နာခဲ့တယ်လို့ပြောရမှာပါ။ ဘာပဲဖြစ်ဖြစ် ဒုတိယအကျော့ကတော့ ကြည့်လို့ကောင်းဦးမှာ သေချာပါတယ်။
Share