ဖင်လန်တယ်လီကွန်းကုမ္ပဏီ Nokia ဟာ OPPO ကို မူပိုင်ခွင့်ချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ Nokia ဟာ OPPO ကို ဩစတြေးလျနဲ့ တခြားဈေးကွက်တွေမှာ တရားစွဲထားတာ ဖြစ်ပြီး ဒီတရားစွဲဆိုမှုက တခြားဈေးကွက်တွေထဲမှာလည်း OPPO စမတ်ဖုန်းရောင်းချမှုကို ပိတ်ပင်နိုင်ဖို့ ရှိပါတယ်။ ဂျာမနီနိုင်ငံ Mannheim ဒေသတွင်းတရားရုံးဟာ 4G နဲ့ 5G နည်းပညာတွေ ပါတဲ့ Nokia ပိုင် Service Enablement Platform ကို ချိုးဖောက်မှုနဲ့ OPPO ကို ဂျာမဏီနိုင်ငံအတွင်း စမတ်ဖုန်းရောင်းချမှု တားမြစ်ထားပါတယ်။ Nokia ဟာ OPPO ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ ၂၀၂၁ ခုနှစ်ထဲမှာ အာရှနဲ့ ဥရောပတလွှားဈေးကွက်အများအပြားမှာ တရားစွဲထားတာပါ။
Photo: Zee News
Nokia နဲ့ OPPO တို့ဟာ ၂၀၁၈ ခုနှစ်က နှစ်ရှည်မူပိုင်ခွင့်သဘောတူညီမှုတစ်ခုလုပ်ခဲ့ပြီး ဒီစာချုပ်သက်တမ်းက ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ Nokia ရဲ့ မူပိုင်ခွင့်ကို သုံးတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချမှုအတွက် OPPO ဟာ Nokia ကို ဖုန်းတစ်လုံးကို ၃ ယူရိုပေးဆောင်ရဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ Nokia ရဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာ OPPO ဟာ စာချုပ်ကို အသစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းခဲ့ပေမယ့် ဒီမူပိုင်ခွင့်တွေကို ဆက်လက်သုံးစွဲနေတာကြောင့် ဥပဒေအရ ရင်ဆိုင်ဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။ Nokia ပြောရေးဆိုခွင့်ရှိသူကတော့ အခုအခြေအနေကို ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ပိုပြီးအပြုသဘောဆောင်တဲ့ နည်းလမ်းတစ်ခု ရှိနေတုန်းပဲလို့ ပြောပါတယ်။
OPPO နဲ့ ကုမ္ပဏီတစ်ခုတည်းအောက်ကနေ သီးသန့် Brand တစ်ခုအဖြစ် သွားတဲ့ OnePlus လည်း ဂျာမနီမှာ ဖုန်းနဲ့ စမတ်နာရီအရောင်းတွေ တင်ထားခြင်း မရှိပါဘူ။ OnePlus ရဲ့ ဆက်သွယ်ရေးဆိုင်ရာညွှန်ကြားရေးမှူး စပင်ဆာ ဘလန့်ခ်ကလည်း ဂျာမနီမှာ ထုတ်ကုန်အရောင်းတွေ နားထားကြောင်း အတည်ပြုပါတယ်။ အရောင်းရပ်ထားတဲ့ရတဲ့အကြောင်းကတော့ မူပိုင်ခွင့်အတွက် ယုတ္ထိမရှိတဲ့ ကြေးနှုန်းအမြင့်တွေကို Nokia က တောင်းဆိုတာကြောင့်လို့ ပြောပါတယ်။
Nokia ဟာ နည်းပညာမူပိုင်ခွင့်အများအပြား ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အရင်ကလည်း Lenovo နဲ့ Daimler တို့နဲ့ အလားတူ မူပိုင်ခွင့်တရားသဘောင်တွေ ကြုံခဲ့ပါတယ်။ FOSS Patents ရဲ့ အစီရင်ခံစာအရ Nokia ဟာ Lenovo နဲ့ Daimler တို့နဲ့အမှုမှာ အနိုင်ရအောင် လုပ်ပေးခဲ့တဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ကိုပဲ OPPO နဲ့အမှုမှာ ပြန်သုံးသွားမယ်လို့ ဆိုပါတယ်။