တရုတ်တယ်လီကွန်းအစိတ်အပိုင်းကုမ္ပဏီ Huawei ဟာ ဟန်ဂေရီနိုင်ငံရဲ့ ပထမဆုံး 5G ကွန်ရက်ချိတ်ဆက်ထားတဲ့ စမတ်ရထားလိုင်းတည်ဆောက်ရေးမှာ ပါဝင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က Huawei ဟာ Hungary East-West Intermodal Logistics နဲ့ မိုဘိုင်းကွန်ရက် Provider တစ်ခုဖြစ်တဲ့ Vodafone တို့နဲ့ ပူးပေါင်းပြီး ဥရောပရဲ့ပထမဆုံး 5G စမတ်ရထားဘူတာရုံတည်ဆောက်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ Global Times က ဖော်ပြပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ Fenyeslitke မှာ ရှိတဲ့ ၈၅ ဟက်ကာဧရိယာမှာ တည်ဆောက်သွားမှာ ဖြစ်ပြီး စမတ် multi-modal ရထားဘူတာရုံတစ်ခု ဖွံ့ဖြိုးရေး လုပ်ဆောင်သွားမှာပါ။
Photo: newsline
ဒီစီမံကိန်းဟာ 5G Private Network နဲ့ ချိတ်ဆက်ထားတဲ့ ဥရောပရဲ့ ပထမဆုံးနဲ့ နောက်ဆုံးပေါ် ရထားဘူတာရုံ ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။ ဆောက်လုပ်ရေးကို East-West Intermodal Logistics က တာဝန်ယူပြီး တယ်လီကွန်းကွန်ရက်ပိုင်းအတွက် Huawei နဲ့ Vodafone တို့က ပူးတွဲ တာဝန်ယူသွားမှာပါ။ 5G နည်းပညာကို အလိုအလျောက်စနစ် အပြည့်အဝသုံးတဲ့ ကရိန်းတွေရဲ့ အတင်အချလုပ်ဆောင်ချက်တွေကို အဝေးကနေ ထိန်းချုပ်ရာမှာ သုံးသွားမှာ ဖြစ်ပါတယ်။
5G နည်းပညာနဲ့ အဝေးထိန်းလုပ်ဆောင်ချက်တွေ လုပ်နိုင်လာမယ်ဆိုရင် တစ်နှစ်ကို ပုံမှန်ကွန်တိန်နာအလုံးရေ ၁ သန်းကို ကိုင်တွယ်နိုင်မယ်လို့ ဆိုပါတယ်။ ပရောဂျက်ကတော့ နောက်နှစ် ပထမသုံးလပတ်အတွင်းမှာ ပြီးစီးဖို့ ရှိပါတယ်။ လက်မှတ်ထိုးအခမ်းအနားမှာ တက်ရောက်ခဲ့တဲ့ Huawei ဟန်ဂေရီရဲ့ အမှုဆောင်အရာရှိချုပ် Cai Lingyu ရဲ့အဆိုအရ သမရိုးကျ ရထားလမ်းကုန်တင်ကုန်ချလုပ်ငန်းမှာ Huawei ရဲ့ အဆင့်မြင့် 5G နည်းပညာကို သုံးတာဟာ ဥရောပတစ်ခွင်မှာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒေတာဖြန့်ဖြူးမှု မြန်နှုန်းမြင့်ပြီး Latency နိမ့်တဲ့ 5G နည်းပညာကြောင့် ဝန်ထမ်းတွေဟာ ဗဟိုထိန်းချုပ်ခန်းထဲမှာ ထိန်နေရင်းနဲ့ အလုပ်တွေကို အဝေးကနေ လုပ်နိုင်မယ်လို့လည်း Cai က ပြောပါတယ်။