ဓာတ်ပုံမြင်ကွင်းတွေအရ ယာဂင်ကလော့ပ် နဲ့ ဟန်ဒါဆန်တို့ကြားမှာ တစ်စုံတစ်ရာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီး ဟန်ဒါဆန်က ကလော့ပ်အပေါ် မကျေမနပ်ဖြစ်နေခဲ့ပုံ ပေါ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ လူစားလဲလှယ်ခံရပြီးနောက် နည်းပြ ယာဂင်ကလော့ပ်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ကို ငြင်းဆန်သွားခဲ့ပါတယ်။ ပွဲချိန် (၇၂)မိနစ်မှာ ဟန်ဒါဆန်ကို ရှာကွီရီနဲ့ လူစားလဲလှယ်ဖို့ ကလော့ပ်က ပြင်ဆင်ခဲ့တာ ဖြစ်ပြီး အနိုင်ဂိုးရဖို့ တိုက်စစ်ကို မြှင့်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားနေခဲ့တဲ့ ဟန်ဒါဆန်ဟာ ဂျိမ်းစ်မီလ်နာကို အသင်းခေါင်းဆောင်လက်ပတ် လွှဲပြောင်းပေးခဲ့ပြီးနောက် လူစားလဲလှယ်ဖို့ ကွင်းအပြင်ကို ထွက်ခွာလာခဲ့ပြီး ပရိသတ်တွေဘက်ကိုလှည့်ကာ လက်ခုပ်တီးအားပေးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကလော့ပ်က ဟန်ဆန်ဒါကို လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားခဲ့မှုကို ဟန်ဒါဆန်က ရှောင်လွှဲခဲ့တာဖြစ်ပါတယ်။
ဟန်ဒါဆန်က အရန်ကစားသမားထိုင်ခုံကိုပဲ သွားရောက်ထိုင်နေခဲ့ပြီးနောက်မှာ ကလော့ပ်က ဟန်ဒါဆန်ကို နည်းစနစ်ညွှန်ကြားရေးဧရိယာအတွင်း ပြန်လည်ခေါ်ယူခဲ့ပြီးတော့ သူ့ကို လက်ဆွဲနှုတ်ဆက်မှုမပြုခဲ့တဲ့ အပေါ်မှာ ဖြေရှင်းချက်ပေးဖို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ သူတို့နှစ်ဦးဟာ အပြန်အလှန် စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် လက်ဆွဲနှုတ်ဆက်ခဲ့ကြကာ ဟန်ဒါဆန်က အရံခုံတန်းကို ပြန်လည်သွားရောက်ခဲ့ပါတယ်။
ဓာတ်ပုံမြင်ကွင်းများအရ ဟန်ဒါဆန် နဲ့ ယာဂင်ကလော့ပ်တို့ကြားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပါတယ်။ အပြန်အလှန်အော်ဟစ်ပြောဆိုမှုတချို့လည်း ရှိခဲ့ပြီးတော့ ဟန်ဒါဆန်အနေနဲ့ သူ့ကို လူစားလဲလှယ်ခဲ့တဲ့အပေါ်မှာ နည်းပြကလော့ပ်ကို စိတ်မကျေမနပ်ဖြစ်နေခဲ့ပုံ ရပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ပြေလည်မှုရရှိသွားခဲ့ပြီး ကလော့ပ်က ဟန်ဒါဆန်ကို လူစားလဲလှယ်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြနေခဲ့တာကိုလည်း တွေ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ အဓိကကစားသမားတွေ ဒဏ်ရာရရှိခဲ့လို့ ဒုတိယပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ဒီအခွင့်အရေးကို အရယူဖို့ လီဗာပူးလ်အသင်းက မကြိုးစားနိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ တိုက်စစ်အရှိန်ကို မြှင့်တင်ဖို့ ကလော့ပ်က ဆုံးဖြတ်ခဲ့ပြီး ဟန်ဒါဆန်ကို ရှာကွီရီနဲ့ လူစားလဲလှယ်ခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ဟာ သွင်းဂိုးရရှိဖို့အတွက် ခက်ခဲနေခဲ့ပြီး ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။