• ရီးရဲယ်မက်ဒရစ်မှာ ဟာဇက်ရဲ့အနာဂတ် အဆုံးသတ်ဖို့ နီးစပ်လာပြီလား???

ဟာဇက်ဟာ ကြံ့ခိုင်မှုပြည့်ဝနေပါလျက်နဲ့ ဘာစီလိုနာနဲ့ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ပါဘူး။

ရီးရဲယ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာစီလိုနာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ပြီး ၁-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ရီးရဲယ်မက်ဒရစ်အတွက် အလာဘာ၊ ဗက်ဇ်ကေးတို့ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဟာဇက် လူစားဝင်ခွင့်တောင် မရခဲ့တဲ့အပေါ် ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။

image

ဟာဇက်ဟာ ချဲလ်ဆီးကနေ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ ရောက်ရှိလာပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်နေရပြီး လက်ရှိအချိန်မှာတော့ အသင်းကနေ ပြန်လည်ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဟာဇက်အနေနဲ့ ဘာစီလိုနာနဲ့ပွဲမှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်ခဲ့ပေမယ့် ဘာကြောင့် ချန်လှပ်ခဲ့ရလဲဆိုတာကို အန်ဆယ်လော့တီက အခုလိုပဲ ပြောကြားလာပါတယ်။

image

အန်ဆယ်လော့တီက “ဟာဇက်က ၄-၃-၃ အတွက် တိုက်စစ် (၃) ယောက်တန်းမှာ ကစားနိုင်သလို ၄-၄-၂ အတွက်လည်း ကွင်းလယ်တိုက်စစ် ဒါမှမဟုတ် အဲ့ဒီထက် နောက်နည်းနည်းရောက်ပြီး ကစားနိုင်ပါတယ်။ ဘာစီလိုနာနဲ့ပွဲမှာ သူပါဝင်ကစားဖို့ အဆင်သင့်ဖြစ်ခဲ့ပါတယ်”

“ဒါပေမယ့် ဘာကပြဿနာဖြစ်ခဲ့လဲဆိုတော့ သူ့ရဲ့နည်းပြအနေနဲ့ အခြားကစားသမားကို ထည့်ဖို့ ပိုပြီးဆန္ဒရှိခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်လို အသင်းမျိုးမှာ ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အရေးကြီးဆုံးက သူ စိတ်ဓာတ်တက်ကြွနေဖို့ရယ်၊ ပွဲကစားခွင့်အတွက် ကြိုးစားနေဖို့ပါပဲ။ သူ့အတွက် အချိန်ကျလာမှာပါ”

“သူ ဒီရာသီမှာ သေချာပေါက် အကောင်းဆုံးပုံစံရလာမယ်လို့ ကျွန်တော် ပြောနိုင်ပြီး အခုထက်လည်း ပိုကစားနိုင်ပါပြီ။ ရီးရဲယ်မက်ဒရစ်လို အသင်းမျိုးမှာ ကစားဖို့အတွက် အရည်အချင်းကစလို့ စိတ်ဓာတ်တက်ကြွမှုအထိ လိုအပ်တဲ့အရည်အချင်းတွေအားလုံး ဟာဇက်ဆီမှာ ရှိပါတယ်”

“သူ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေတော့ နည်းပြအနေနဲ့ အခြားကစားသမားတွေကို ပိုသုံးချင်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ဒီညမှာတော့ လာလီဂါပွဲစဥ်တစ်ပွဲအဖြစ် အိုဆာဆူနာကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က