ချဲလ်ဆီးဟာ ရီးရဲယ်မက်ဒရစ်နဲ့ ကစားရမယ့် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဥ်ကို ကွင်းပိတ်ကစားသွားရမယ်လို့ ယူအီးအက်ဖ်အေက တရားဝင်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါဟာ ရုရှားသူဌေး အေဘရာမိုဗစ်ချ်နဲ့ ပတ်သက်လို့ ချဲလ်ဆီးအပေါ် ထပ်မံကျရောက်လာတဲ့ အရေးယူမှုတခုလည်းဖြစ်ခဲ့ပါတယ်။

ဗြိတိန်အစိုးရဟာ ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့အရေးယူမှုတွေပြုလုပ်နေပြီး အသင်းအနေနဲ့ တရာသီစာလက်မှတ်ကလွဲရင် အခြားသောလက်မှတ်တွေကို ထပ်မံရောင်းချခွင့်မရှိတော့ပါဘူး။ အခု ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲအတွက်လည်း လက်မှတ် (၁၀၀) သာ ခွင့်ပြုမှာဖြစ်ပါတယ်။

ဒီလက်မှတ် (၁၀၀) ကလည်း ကစားသမားတွေ၊ နည်းပြတွေရဲ့ မိသားစုဝင်တွေ၊ အခြားကလပ်အသင်းတွေရဲ့ ကိုယ်စားလှယ်တွေအတွက်သာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးပရိသတ်တွေဟာ မက်ဒရစ်မြို့မှာ ကစားမယ့် ဒုတိယအကျော့ပွဲအတွက်လည်း လက်မှတ်အခက်အခဲတွေရှိနေတယ်လို့လည်း သိရှိရပါတယ်။
ချဲလ်ဆီးရဲ့ တရာသီလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပွဲတွေကိုသာ လာရောက်ကြည့်ရှုခွင့်ရမှာဖြစ်ပြီး ဒီလက်မှတ်တွေနဲ့ ချန်ပီယံလိဂ်ပွဲစဥ်တွေကို ကြည့်ရှုနိုင်မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ တကယ်လို့ ချဲလ်ဆီးပရိသတ်တွေက ချန်ပီယံလိဂ်ပွဲစဥ်တွေကို ကြည့်ရှုလိုတယ်ဆိုရင်တော့ (၂၅) ပေါင် အပိုထပ်ပေးမှသာ ကြည့်ရှုနိုင်မယ်လို့လည်း သိရှိရပါတယ်။
ချဲလ်ဆီးဟာ ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲမတိုင်ခင် ပိုင်ရှင်အသစ် လက်ထဲလွှဲပြောင်းနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့်လည်း ယူအီးအက်ဖ်အေကတော့ အရင်ဆုံး ချဲလ်ဆီးကို အရေးယူလိုက်တာဖြစ်ပါတယ်။
မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလား အဝေးကွင်း ကွာတားဖိုင်နယ်ပွဲကို ကွင်းပိတ်ကစားဖို့ တောင်းဆိုခဲ့သေးတဲ့ ချဲလ်ဆီးတို့ အခုတခါမှာတော့ တကယ်ကွင်းပိတ်ကစားရမှာဖြစ်ပြီး အရေးပါတဲ့ ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အိမ်ကွင်းပွဲကို ကွင်းပိတ်ကစားရတာကတော့ ချဲလ်ဆီးအတွက် အကြီးအကျယ် နစ်နာစရာလည်းဖြစ်ခဲ့ပါတယ်။