• Yandex တက္ကစီ App ထဲဝင်ပြီး မော်စကိုလမ်းတွေ ပိတ်အောင်လုပ်ခဲ့တဲ့ Anonymous ဟက်ကာအဖွဲ့

ယူကရိန်း-ရုရှားအရေးနဲ့ ပတ်သက်ပြီး လက်တုံ့ပြန်ကြတာပါ
[Zawgyi Version]

စက်တင်ဘာ ၁ ရက်နေ့က ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာ ဒါဇင်ပေါင်းများစွာရှိတဲ့ Yandex တက္ကစီတွေကြောင့် နှစ်နာရီကြာ လမ်းပိတ်သွားခဲ့ပါတယ်။ 

The Verge သတင်းအရ ဟက်ကာတွေဟာ ရုရှားတက္ကစီအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Yandex Taxi App ကို သုံးပြီး မော်စကိုရဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ Kutuzovsky Prospekt လမ်းကြီးကို ယာဉ်ကြောပိတ်ဆို့သွားအောင် လုပ်ဆောင်ခဲ့တာပါ။ Yandex ကုမ္ပဏီအနေနဲ့ အခြေအနေကို ဖြေရှင်းဖို့ လုပ်ခဲ့ပေမယ့် နဂိုကတည်းက ယာဉ်ကြောကျပ်ခဲ့တဲ့ လမ်းမကြီးမှာ နောက်ထပ် မိနစ် ၄၀‌ လောက်ထပ် ကြာသွားခဲ့တယ်လို့ ဆိုပါတယ်။ 




Twitter ပေါ် တက်လာတဲ့ သတင်းတွေအရ Yandex ကားတွေအားလုံးကို Kutuzovsky Prospekt လမ်းပေါ် သွားဖို့ စေလွှတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီဧရိယာထဲမှာ မော်စကိုရဲ့ နာမည်ကျော်အဆောက်အဦတွေထဲက စတာလင်ခေတ်အဆောက်အဦဖြစ်တဲ့ Hotel Ukraina (ဟော်တယ်ယူကရိန်း) အဆောက်အဦ ရှိပါတယ်။ Yandex ကားတွေကို ဟက်ကာတစ်ဖွဲ့က ဆိုက်ဘာတိုက်ခိုက်မှုလုပ်ပြီး အခုလို စေလွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ Yandex Taxi ကို ရုရှား Google လို့ တင်စားပြောဆိုနေကြတဲ့ ရုရှားရဲ့ အကြီးဆုံး အိုင်တီကော်ပိုရေးရှင်းလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Yandex က ပိုင်ဆိုင်ပြီး ဒီကုမ္ပဏီကို အာကေဒီ ဗိုလော့ချ်က တည်ထောင်ထားတာပါ။ 

"စက်တင်ဘာ ၁ ရက် မနက်ပိုင်းမှာ Yandex Taxi ဝန်ဆောင်မှုကို ဟက်ကာတွေ ဝင်ရောက်နှောင့်ယှက်ခဲ့တာနဲ့ ကြုံခဲ့ပါတယ်။ ဒါဇင်ပေါင်းများစွာရှိတဲ့ ယာဉ်မောင်းတွေဟာ မော်စကိုမြို့ Fili ခရိုင်ကို သွားဖို့ အော်ဒါတွေ အများကြီး ရခဲ့ပါတယ်။" လို့ Yandex ပြောရေးဆိုခွင့်ရှိသူက Motherboard သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံပိုင် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ TASS News Agency ထဲမှာတော့ Yandex ဟာ နောင်တစ်ချိန်မှာ အခုလိုမျိုး တိုက်ခိုက်မှုတွေမဖြစ်အောင် ကာကွယ်ဖို့ လမ်းကြောင်းချမှတ်တဲ့ routing algorithm ကို ပြန်လည်မွမ်းမံသွားမယ်လို့ ဆိုပါတယ်။ 

အငှားယာဉ်ဝန်ဆောင်မှု App သုံးပြီး ယာဉ်ကြောကျပ်အောင် လုပ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုဟာ အခုတစ်ကြိမ် ပထမဆုံးပဲ ဖြစ်ပြီး ဒီတိုက်ခိုက်မှုကို နာမည်ကျော် ဟက်ကာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Anonymous အဖွဲ့က လုပ်ဆောင်ခဲ့တာလို့လည်း Anonymous TV ရဲ့ Twitter စာမျက်နှာက ပြောကြားထားပါတယ်။ Anonymous ဟက်ကာအဖွဲ့ဟာ ရုရှားကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဖို့အတွက် OpRussia နာမည်နဲ့ ကမ်ပိန်းတစ်ခုပါ လုပ်ဆောင်နေပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကို ရုရှားတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးချိန်က စလို့ ဆိုက်ဘာစစ်ပွဲတွေဟာ ဥရောပတလွှားမှာ မြင့်တက်လာနေပါတယ်။ 


ယူကရိန်းကို ထောက်ခံတဲ့ အုပ်စုတွေဟာ ရုရှားအဖွဲ့အစည်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ရှိပါတယ်။ Anonymous ဟက်ကာအဖွဲ့ဟာ ယူကရိန်းရဲ့ IT Army ၊ Hacker Forces နဲ့ တခြား တက်ကြွဟက်ကာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရုရှားပုဂ္ဂလိကနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ဆိုက်ဘာတိုက်ခိုက်နေပါတယ်။ တစ်ဖက်မှာလည်း ရုရှားထောက်ခံရေးအဖွဲ့တွေကလည်း ယူကရိန်းဘက်က ရပ်တည်တဲ့ ဖင်လန် ၊ အီတလီ ၊ ရိုမေးနီးယား ၊ ဂျာမနီ ၊ နော်ဝေ ၊ လစ်သူရေးနီးယား ၊ ချက် ၊ လတ်ဗီးယား နဲ့ တခြားနိုင်ငံတွေရဲ့ အစိုးရဝက်ဘ်ဆိုက်တွေကို DDoS တိုက်ခိုက်မှုအများအပြား လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

Anonymous ဟက်ကာအဖွဲ့ဟာ အရင်ကလည်း ကရင်မလင်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေအပါအဝင် ရုရှားအစိုးရဝက်ဘ်ဆိုက်တွေကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ 

Share

Loading Next Article...