ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က လာမယ့် ယူရို (၂၀၂၈) နဲ့ (၂၀၃၂) တို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရေး ရုရှားတို့ကြိုးပမ်းမယ့်အပေါ် လှောင်ပြောင်ထိုးနှက်လိုက်ပါတယ်။ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတာကြောင့် ရုရှားဘောလုံးလောက,က အနှုတ်ဘက်ကို ဦးတည်နေပါတယ်။
လက်ရှိယှဥ်ပြိုင်ကစားလက်စ ပြိုင်ပွဲအားလုံးကနေ ရုရှားလက်ရွေးစင်နဲ့ ရုရှားကလပ်အသင်းတွေအားလုံးလည်း အထုတ်ခံထားရပါတယ်။ ဒါပေမယ့် ရုရှားဘောလုံးအမှုဆောင်အဖွဲ့ကတော့ အစည်းအဝေးပြုလုပ်ပြီးနောက် ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ကြိုးပမ်းမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
ဗြိတိန်ဟာ ရုရှားအပေါ် ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ စစ်ပွဲစစချင်းမှာတင် ရုရှားမှာကျင်းပဖို့ စီစဥ်ထားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရွှေ့ဆိုင်းဖို့ ဘော်ရစ်ဂျွန်ဆင်တို့က တိုက်တွန်းခဲ့ပါတယ်။ ရုရှားဟာ ယူရို (၂၀၂၈) နဲ့ ယူရို (၂၀၃၂) တို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချင်တယ်ဆိုရင် ဗြိတိန်/အိုင်ယာလန်၊ အီတလီတို့နဲ့ ယှဥ်ပြိုင်ရပါလိမ့်မယ်။
ရုရှားရဲ့ဆန္ဒအပေါ် ဘော်ရစ်ဂျွန်ဆင်ကတော့ “ရုရှားမှာ ဘောလုံးပြိုင်ပွဲတခုခု ဒါမှမဟုတ် ယဥ်ကျေးမှုပွဲတော် တခုခုကျင်းပဖို့ဆိုတာက သရော်စာထက်တောင် ပိုရယ်ရပါသေးတယ်။ တယောက်ယောက်ကများ သူတို့ရဲ့ အကြံပြုချက်၊ တောင်းဆိုချက်တွေကို စဥ်းစားပေးလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ ကျနော်စဥ်းစားမိတဲ့ အကောင်းဆုံးဖြစ်နိုင်ခြေတခုတော့ရှိပါတယ်”
“အဲ့ဒါကတော့ ရုရှားတပ်တွေအကုန်လုံး ယူကရိန်းကနေ ထွက်လိုက်ပါ။ ပြီးသွားရင် သူတို့ကို ပြိုင်ပွဲတခုခု ကျင်းပခွင့်ပေးမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန်၊ ဝေးလ်စ်၊ စကော့တလန်၊ မြောက်အိုင်ယာလန်၊ အိုင်ယာလန်တို့ ပူးပေါင်းကာ ယူရိုပြိုင်ပွဲ ကျင်းပခွင့်ရရှိရေးအတွက်လည်း ဗြိတိန်အစိုးရက အထူးအားပေး ကူညီသွားမယ်လို့လည်း ဘော်ရစ်ဂျွန်ဆင်က ပြောခဲ့ပါသေးတယ်။