RPG တပ်ထားတဲ့ စက်ရုပ်တစ်ရုပ်ကို ရုရှားမှာ ကျင်းပတဲ့ စစ်တပ်ထုတ်ကုန်ပြပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။
မော်စကိုမြို့တော်နားမှာ ကျင်းပပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ခဲ့တဲ့ Army 2022 ကုန်စည်ပြပွဲမှာ ခြေလေးချောင်းပါ ခွေးစက်ရုပ်တစ်မျိုးအကြောင်း ရုရှားသတင်းဌာန RIA Novosti က ဖော်ပြခဲ့ပါတယ်။ M-81 ခွေးစက်ရုပ်ဟာ ကျောပေါ်မှာ RPG-26 တပ်ဆင်ထားပြီး ခွေးတစ်ကောင်လို လှည့်လည် လမ်းလျှောက်နိုင် ၊ ဝပ်တွားနိုင်စွမ်းလည်း ရှိပါတယ်။ ဒုံးကျည်ပစ်ဖို့ လုပ်နေချိန်မှာ ခန္ဓာကိုယ်ကို ဝပ်စင်းပစ်မယ့်ပုံပါ ဒီစက်ရုပ်က သရုပ်ပြသွားပါတယ်။
ဒီစက်ရုပ်ကို M-81 System လို့ နာမည်ပေးထားပြီး ရုရှားအင်ဂျင်နီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Intellect Machine က ဖန်တီးထားတာလို့ RIA Novosti သတင်းဌာနက ဆိုပါတယ်။ ဒီခွေးစက်ရုပ်ကို ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ရုရှားစစ်တပ်က အသုံးပြုနေပြီလားဆိုတာတော့ မသိရသေးပါဘူး။ ဒီစက်ရုပ်ကို တီထွင်တဲ့ ကုမ္ပဏီရဲ့ အဆိုအရ M-81 ခွေးစက်ရုပ်ဟာ တိုက်ခိုက်ရေးမစ်ရှင်တွေအတွင်းမှာ စစ်လက်နက်တွေ သယ်ယူပို့ဆောင်ဖို့အပြင် တိုက်ခိုက်ရေးသုံးဖို့အတွက်ပါ ဒီဇိုင်းထုတ်ထားတာလို့ ဆိုပါတယ်။
Intellect Machine ဟာ ခွေးစက်ရုပ်ပေါ်မှာ နင်ဂျာပုံစံ အဝတ်အစားပါ ဝတ်ဆင်ပေးထားတာ တွေ့ရပါတယ်။ ဒါဟာ စက်ရုပ်ရဲ့ မူလဇာစ်မြစ်ကို ပြပွဲလာတဲ့လူတွေ မသိအောင် ဖုံးကွယ်ဖို့ သုံးတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ PCMag သတင်းမှာတော့ M-81 ခွေးစက်ရုပ်ဟာ တရုတ်ကုမ္ပဏီ Unitree က လာတဲ့ Go1 ခွေးစက်ရုပ်ဖြစ်ပုံရတယ်လို့ ဖော်ပြထားပါတယ်။ Unitree ထုတ် Go1 ခွေးစက်ရုပ်ကို ဒေါ်လာ ၂၇၀၀ ဈေးနဲ့ ရောင်းချနေပြီး ဒီစက်ရုပ်ကိုလည်း အမေရိကန်စက်ရုပ်ကုမ္ပဏီ Boston Dynamics ရဲ့ ခြေလေးချောင်းပါ စက်ရုပ်ဒီဇိုင်းမျိုး ထုတ်ထားတယ်လို့ ဆိုပါတယ်။
Go1 ခွေးစက်ရုပ်တွေမှာ လက်နက်တပ်ဆင်ဖို့ စဉ်းစားတာ ဒီတစ်ကြိမ်က ပထမဆုံးမဟုတ်ပါဘူး။ နှစ်ဆန်းပိုင်းကလည်း ရုရှားကလူတစ်ယောက်ဟာ Go1 စက်ရုပ်ပေါ်မှာ စက်သေနတ်တစ်လက်ဆင်ပြီး ပစ်ခတ်ပြနေတဲ့ ဗွီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ ဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ် လူပြောများသွားခဲ့ပြီး အလိုအလျောက်စနစ်ပါ မြေပြင်အခြေစိုက် စက်ရုပ်တွေကို အန္တရာယ်ကြီးတဲ့ စစ်တပ်သုံး ဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။
အမေရိကန်က ဒေသတွင်းကာကွယ်ရေးကုမ္ပဏီတွေဟာ စက်ရုပ်ခွေးတွေ သုံးပြီး တိုက်ခိုက်ရေးမစ်ရှင်တွေမှာ စမ်းသပ်မှုတွေ လုပ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်က S.W.O.R.D International And Ghost Robotics ဟာ စနိုက်ပါရိုင်ဖယ်ကြီးတစ်လက် တပ်ဆင်ထားတဲ့ ခြေလေးချောင်းပါ ခွေးစက်ရုပ်တစ်ခုရဲ့ ဓါတ်ပုံတွေကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း S.W.O.R.D အနေနဲ့ ခွေးစက်ရုပ်တွေကို အလိုအလျောက်စနစ်အသုံးပြုရေးမှာ အသုံးချဖို့ အစီအစဉ် မရှိဘူးဆိုပြီး PCMag ကို ပြောခဲ့ပါတယ်။
"ဒီစနစ် (ခွေးစက်ရုပ်နည်းပညာ)ကို လူအထိန်းမလိုတဲ့ ပလက်ဖောင်းပေါ်မှာ မြေပြင်က တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အန္တရာယ်ကြီးတဲ့နေရာတွေကို ထောက်လှမ်းဖို့ သုံးနိုင်မယ်ဆိုရင် စစ်သည်တွေဟာ သူတို့မိသားစုတွေရှိရာ အိမ်ကို ပြန်လာနိုင်ဖို့ ပိုပြီး အခွင့်အလမ်းတွေ ရလာပါမယ်" လို့ S.W.O.R.D ကုမ္ပဏီက ပြောပါတယ်။
မကြာသေးခင်ကလည်း အမေရိကန်အာကာသတပ်ဖွဲ့ဟာ ကင်းလှည့်ဖို့ အသုံးပြုသွားမယ့် ခွေးစက်ရုပ်တွေ ထုတ်ဖော်ပြသခဲ့ပြီး မြေပြင်သရုပ်ပြမှုတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ Cape Canaveral အာကာသတပ်ဖွဲ့မှာ သရုပ်ပြသွားတဲ့ ဒီစက်ရုပ်တွေကို တရားဝင်အခေါ်အရ Ghost Robotics Quadruped Unmanned Ground Vehicles (Q-UGV) လို့ ခေါ်ပြီး ဖီလာဒီဖီးယားအခြေစိုက် Ghost Robotics စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။
Share