ဒီနေ့ ဇွန်လ ၁၈ ရက် မနက် အစောပိုင်းက YBS 37 ယာဉ်နဲ့ ဟိုက်ဂျက်ယာဉ်တစ်စီး တို့ တိုက်မိရာ ဟိုက်ဂျက်ယာဉ်ပေါ်မှ အမျိုးသား နှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ နာရေးကူညီမှုအသင်း - ရန်ကုန်ကနေ သိရပါတယ်။

Photo- K.T.A (mygn)
ဖြစ်စဉ်ကတော့ ဒီနေ့ မနက် ၅ နာရီခွဲအချိန်လောက်က မရမ်ကုန်းမြို့နယ်၊ ပြည်လမ်းမပေါ် ကိုးမိုင် A1 မဟာစည်မှတ်တိုင်အနီး မြန်မာမေဖလားဝါးအရှေ့မှာ ဟိုက်ဂျက်ယာဉ်တစ်စီးမောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ပဲ တစ်ဖက်ယာဉ်ကြောက YBS 37 ယာဉ်ကို တိုက်မိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက် ယာဉ် ခေါင်းခန်းမှ အမျိုးသားနှစ်ဦးမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဟိုက်ဂျက်ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
“
အလောင်း နှစ်လောင်းမှာ တစ်လောင်းက ကားရှေ့ခန်းထဲမှာ ညှပ်နေလို့ ကျွန်တော်တို့ မီးသတ်ကို အကူအညီတောင်းပြီး ဆွဲထုတ်ခဲ့ရတယ်။ သေဆုံးသူတွေက အသက် ၄၀ အရွယ်လောက်ရှိကြတယ်။ ကျွန်တော်တို့ အလောင်းတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်” လို့ ဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့တဲ့ နာရေးကူညီမှုအသင်း-ရန်ကုန်မှ ကိုထက်ကိုက Duwun ကိုပြောပါတယ်။
Photo- K.T.A (mygn)
ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့မှာ စိုးရိမ်ရတဲ့ အခြေအနေမျိုးတော့မဟုတ်ခဲ့ပေမယ့် မြတ်ကုသိုလ်ပရဟိတအသင်းက သူတို့နှစ်ဦးကို လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
YBS
37 ယာဉ်ပေါ်မှ ခရီးသည်တွေတော့ ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။
ယာဉ်တိုက်မှုကြောင့် YBS 37 ယာဉ်ဦးခေါင်းပိုင်းမှန် ကွဲကြေပျက်စီးခဲ့ပြီး ဟိုက်ဂျက်ယာဉ်မှာလည်း ဦးခေါင်းပိုင်း ကြေမွပျက်စီးခဲ့တယ်လို့သိရပါတယ်။