အမျိုးသမီးတိုင်း တွေးတတ်တဲ့ အတွေးကတော့ သူကိုယ့်ကို ချစ်ရင်ပြောင်းလဲသွားပါလိမ့်မယ်လို့ ထင်ကြတာပါပဲ။

အမျိုးသမီးလေးတွေဟာ ချစ်ခင်နှစ်သက်မိတဲ့အခါ လူဆိုးကိုမှ ချစ်ကြိုက်မိသွားတဲ့ အခိုက်အတန့်တွေရှိတတ်ပါတယ်။ ဒီလိုအခါမျိုးတွေမှာ သူဆိုးသမျှကို ကိုယ်က ပြုပြင်သွားလို့ ရနိုင်တယ်လို့ ထင်မှတ်မှားပြီး မတွဲသင့်တဲ့ လက်ကို မြဲမြဲမြံမြံတွဲရင်းက နောက်ဆုံးမှာ နာကျင်မှုအကြီးစားတွေနဲ့ ကျန်ရစ်ခဲ့ရတတ်ပါတယ်။ ဘယ်လိုအရာတွေက ကိုယ့်ကို လက်တွဲဖြုတ်လိုက်ဖို့ အချက်ပေးနေတာလဲ။ ဘယ်လိုအချက်တွေကို သတိကြီးကြီးထားဖို့ လိုအပ်သလဲ။ ကိုယ်တကယ်နာကျင်ခံစားနေပေမယ့် မဖြုတ်ရက်တဲ့ တွဲလက်တွေကို ဖြုတ်ချပစ်ဖို့အတွက် ဘာ့ကြောင့်လက်နှေးနေကြတာလဲ။

ဗီဇဆိုတာ ပြောင်းလဲလို့မရပါ

အမျိုးသမီးတွေဟာ မိခင်စိတ်ကြီးမားလွန်းပါတယ်။ ဒါ့ကြောင့် ဆိုးရွားတဲ့ လူမျိုးကို လက်တွဲဖော်အဖြစ် ရွေးချယ်မိတဲ့အခါမျိုးတွေမှာ ဒီလူဟာ ကိုယ့်ကို ချစ်ရင် ပြောင်းလဲသွားပါလိမ့်မယ်လို့ ခေါင်းမာမာနဲ့ တင်းခံနေတတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ ဗီဇဟာ ပြောင်းလဲဖို့ ခက်ပါတယ်။ ကိုယ်လုံးဝ သည်းမခံနိုင်တဲ့ ဗီဇရှိတဲ့သူကို ပြုပြင်ပြောင်းလဲနိုင်လိမ့်မယ်လို့ ဘယ်လိုနည်းနဲ့မှ တရားသေ ယူဆမထားပါနဲ့။

ကိုယ့်အမှားလို့ မမြင်တတ်သူတွေ

တခါတလေမှာ မှားတဲ့ လုပ်ရပ်တွေ ချစ်သူက လုပ်နေရင် ခံစားရတဲ့ အမျိုးသမီးတွေက အော် သူတော့ နောင်တရသွားရှာပါပြီလေ လို့ ဖြည့်တွေးလေးတွေ ဖြည့်တွေးတတ်ကြပါတယ်။ တကယ်ကို ဆိုးတဲ့သူတွေဟာ သူတို့နှုတ်ကနေ ဘယ်လောက်ပဲ နောင်တရပါပြီပြောပါစေ…တကယ်တမ်းတော့ သူတို့ကိုယ်သူတို့တောင် မှားတယ်လို့ မထင်တတ်ကြပါဘူး။ နောင်တရပါပြီဆိုတဲ့ စကားကို ယုံမှားလိုက်လို့တော့ မဖြစ်ပါဘူး။ အမှားတွေ ထပ်ခါတလဲလဲ လုပ်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ ခံနိုင်စွမ်းအားကို အဆုံးသတ်လိုက်ဖို့ အချိန်ရောက်ပါပြီ။

ဒါက အမျိုးသမီးတွေရဲ့ အပြစ်မဟုတ်ပါ

ငါက သူ့ကို မပြုပြင်နိုင်လေခြင်း လို့ ကိုယ့်ကိုယ်ကိုယ် ပြစ်တင်တာမျိုးတွေလည်း မလုပ်ပါနဲ့ ။ ဆိုးတဲ့သူတွေဟာ စကားအရာမှာတော့ အရမ်းကို တော်ပါတယ်။ သူတို့ရဲ့ အရမ်းကြွယ်လွန်းတဲ့ တော်ကီတွေကြားမှာ၊ သူတို့ရဲ့ ဟန်ဆောင်ကောင်းမှုတွေကြားမှာ မရုန်းနိုင် ၊ မလွန့်နိုင်နဲ့ အချစ်လွန်သွားတာမျိုးတွေ ဖြစ်သွားကြရတာပါ။ သူတို့က အရမ်းကို စကားပြောကောင်းကြလွန်းလို့ ၊ ဟန်ဆောင်ကောင်းလွန်းလို့ ဖြစ်တာပါ။ ကိုယ့်ရဲ့ အပြစ်ကြောင့်လို့ ဘယ်တော့မှ မယူဆလိုက်ပါနဲ့ ။

မီဒီယာလောကမှာ Researcher တစ်ယောက်အနေနဲ့ လုပ်ကိုင်နေသလို စာရေးဆရာ ၊ ဇာတ်ညွှန်းရေးဆရာအဖြစ်သာမက ဇာတ်လမ်းတိုလေးတွေ ကိုယ်တိုင် ရိုက်ကူးနေတဲ့ မမျိုးဝေသူကလည်း မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသင့်ကြောင်း Duwun ကို ခုလိုပြောပြပါတယ်။

"မိန်းကလေးတစ်ယောက်အနေနဲ့ကိုယ့်ကိုတန်ဖိုးထားသင့်တယ်။ တန်ဖိုးထားတယ်ဆိုတဲ့နေရာမှာတော်တော်များများကတွေးကြလိမ့်မယ်။ ကိုယ့်ခန္ဓာ ကိုယ်ကိုတန်ဖိုးထားသင့်တယ်ဆိုပြီးတော့ပေါ့။ ကျွန်မအနေနဲ့ကတော့ ခန္ဓာကိုယ်ကိုတန်ဖိုးထားသလို ကိုယ့်စိတ်၊ ဘဝရည်ရွယ်ချက်၊ အယူအဆ၊ ရပ်တည်မှု..ဒါတွေအကုန်လုံးကိုလည်း တန်ဖိုးထားသင့်တယ်။ နောက် ကိုယ့်ချစ်သူအိမ်ထောင်ဖက်ရဲ့တဖက်သတ်အနိုင်ကျင့်နှိပ်စက်မှုတွေကို မိန်းကလေးတွေအနေနဲ့ တစ်သက်လုံး ကျိတ်မှိတ်သည်းခံနေစရာမလိုဘူးလို့ယူဆတယ်။ ချစ်သူလက်တွဲဖော်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဖေးမပြီး ဘဝတစ်လျောက်လုံးအချင်းချင်းချစ်ပြီးလေးစားသွားနိုင်ရင်အကောင်းဆုံးပဲ။ ဒီလိုမဟုတ်ဘဲ ကိုယ့်စိတ်ကိုရော..ခန္ဓာကိုယ်ကိုပါ တဖက်သတ်အနိုင်ကျင့်နှိပ်စက်ခံနေရပြီဆိုရင်တော့ အများကြီး စဉ်းစားဖို့လိုသွားပြီလို့ထင်တယ်။ ဘဝကတိုတိုလေးပါ။ အချစ်လို့ခေါင်းစဉ်တပ်ပြီး အဘက်ဘက်က နှိပ်စက်ခံနေရမယ့်အချိန်တွေကို ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်တွေနဲ့ သတ္တိရှိရှိ အစားထိုးနိုင်မယ်ဆိုရင် နေ့ရက်တိုင်း ပျော် စရာတွေ ရလာနိုင်ပါတယ်"

တွဲလက်ဖြုတ်လို့ ရနိုင်တဲ့အချိန်မှာ ဖြုတ်ပါ



သံယောဇဉ်က တကယ်ကို ကြောက်စရာကောင်းပါတယ်။ မကောင်းမှန်းသိသိနဲ့ ဇွတ်ကျိတ်မှိတ် တွဲနေခဲ့တဲ့ တွဲလက်တွေ ဘယ်လောက်တောင်များနေပြီလဲ။ သံယောဇဉ်ကြောင့် နာကျင်နေရက်နဲ့ ဆက်လက်မြဲမြံနေတာတွေကို ဖြုတ်ချလိုက်ဖို့ တိုက်တွန်းပါရစေ။ ကိုယ့်ကို မယူခင်မှာတောင် နာကျင်စေတဲ့ ယောကျာ်းဟာ ယူပြီးချိန်မှာစိတ်ချမ်းသာအောင် ထားနိုင်မယ်လို့ ဘယ်တော့မှ မထင်လိုက်ပါနဲ့ ။

စာရေးဆရာမ မေသွန်သွန်ချစ်ကတော့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ကို နာကျင်စေတဲ့ တွဲလက်တွေကို ဖြုတ်ဖို့သင့်တဲ့အချိန်အကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

"မိန်းကလေးတွေက များသောအားဖြင့် အရှက်အကြောက်ကြီးတာများပါတယ်။ ချစ်သူရွေးမိတဲ့အခါ နှလုံးသားကိုဦးစားပေးပြီး ကိုယ်တကယ်ချစ်တဲ့သူကိုပဲ ရွေးချယ် တတ်ကြတယ် ။ အဲဒီရွေးချယ်မှုမှားတဲ့ အခါ ပြင်ဆင်ဖို့ အတွက် လည်း သစ္စာတရား ကို တန်ဖိုးထား မိတာတစ်ကြောင်း၊ မျက်နှာမများချင်မိတာတစ်ကြောင်းကြောင့် မထူးဇာတ်ခင်းတတ်ကြတယ် ။ မိမိဘဝရှေ့ရေးအတွက် မကောင်းသလို မိသားစုဘဝ ကိုတည်ဆောက် ကြမယ့်အချိန်ကျရင် မိမိဘဝတင်မက မိမိသားသမီးအတွက်ပါ နစ်မွန်းသွားတတ်ကြတာမျိုး ဖြစ်ကြရတယ်။ ဒါကြောင့် ချစ်သူထားတော့မယ်ဆိုရင် နှလုံးတစ်ခုထဲအရင်းမပြုမိဘဲ သေချာလေ့လာဖို့ နဲ့ လေ့လာနေတဲ့အချိန်မျိုးမှာ မိမိကိုယ်ကို ကာကွယ်တန်ဖိုးထားဖို့ လိုမယ်။ တကယ်လို့ ရွေးချယ်ပြီး လို့မှားယွင်းသွားခဲ့မိရင်လည်း ပြင်ဆင်ဖို့ တုံ့ဆိုင်းမနေသင့်ဘူး ။ ရှက်မနေသင့်ဘူး ။ ရင်ဆိုင်ဖြေရှင်းပြီးလမ်းခွဲဖို့ဆုံးဖြတ်သင့်ပါတယ်။"

ပျော်ရွှင်စရာမိသားစုကိုလည်း ပိုင်ဆိုင်ထားပြီး စီးပွားရေးအရာမှာလည်း အောင်မြင်နေတဲ့ A1 Group of Companies ရဲ့ Executive Directorမရည်ဝိုင်းဦးကတော့ အချစ်ရေးကြောင့် ပူဆွေးနေတဲ့ အမျိုးသမီးလေးတွေကို Duwun ကနေတဆင့် ခုလို အားပေးစကားပြောပါတယ်။

"အချိန်က အရာရာကို ကုစားနိုင်သလို အချိန်နဲ့အမျှ ရင်ကျက်မှုတွေရလာပါလိမ့်မယ်။ မကောင်းတာကိုပဲတမ်းတနေရင် ကောင်းတာတွေမမြင်ဘဲ လွတ်နေတတ်တယ်။ အသည်းကွဲဒဏ်ရာကို ကုစားနည်းတွေ အများကြီးရှိပါတယ်။ အားကစားလုပ်ရင်း ကျန်းမာ လှပအောင်ကြိုးစား ၊မိဘ ဆွေမျိုး သူငယ်ချင်းတွေကိုအချိန်ပိုပေး ၊မိတ်ဆွေအသစ်တွေပါရှာပြီး ဝါသနာပါရာကို ပိုအာရုံစိုက်မယ်ဆိုရင် အသည်းကွဲဒဏ်ရာ သက်သာသွားမှာပါ။"

အမျိုးသမီးတွေဟာ တကယ်ကို နာကျင်ခံစားရမှုဒဏ်ကို သည်းခံနိုင်ကြသူတွေပါ။ ဒါပေမယ့် ချစ်တာလေးတစ်ခုတည်းနဲ့တော့ ကျန်ရှိနေသေးတဲ့ ကိုယ့်ဘဝနေ့ရက်တွေကိုပါ ဆက်လက် မနာကျင်စေပါနဲ့တော့။ ကိုယ့်ရဲ့ အနားမှာနေပြီး ကိုယ့်ကို အမြဲလိုလိုနာကျင်စေတဲ့ ယောကျာ်းဟာ ကျန်ရှိနေတဲ့ ကိုယ့်ဘဝနေ့ရက်တွေမှာလည်း နာကျင်မှုကိုပဲ ဆထက်ထမ်းပိုးပေးနေမှာပါပဲ။ ဒါ့ကြောင့် ကိုယ့်ဘဝမှာ စိတ်ချမ်းသာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ရနိုင်အောင် စိတ်ဆင်းရဲနာကျင်စေတဲ့ တွဲလက်တွေကို ဖြုတ်ချခဲ့ဖို့ အကြံပေးပါရစေ။

Share

Loading Next Article...
က္က