မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ အသင်းရဲ့လူငယ်ကြယ်ပွင့် ဖီးလ်ဖိုဒန်ဟာ ၎င်းရဲ့နည်းပြသက်တမ်းတလျှောက် ပါရမီအရှိဆုံးလူငယ်ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး ဘယ်တော့မှ ရောင်းထုတ်မှာမဟုတ်တဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Givemesport ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဖီးလ်ဖိုဒန်ဟာ ဘောလုံးလောကမှာ အလားအလာအရှိဆုံး ဆယ်ကျော်သက်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ မန်ချက်စတာစီးတီးအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဖီးလ်ဖိုဒန်ရဲ့ ပါရမီနဲ့ပတ်သက်ပြီး အလွန်အမင်းထုတ်ဖော်ချီးကျူးခဲ့ပါတယ်။
“ကျွန်တော် သတင်းစာရှင်းလင်းပွဲမှာ အကြိမ်ပေါင်းမနည်းဘူး ပြောခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ရှေ့မှာ မပြောတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဖီးလ်က ကျွန်တော့်နည်းပြသက်တမ်းတလျှောက် မြင်ဖူးသမျှကစားသမားတွေထဲမှာ ပါရမီအရှိဆုံးကစားသမားပါ”လို့ ပြီးခဲ့တဲ့ဇူလိုင်လက ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးနည်းပြဂွါဒီယိုလာဟာ လီယွန်နယ်မက်ဆီ၊ အင်နီယေစတာ၊ အာဂျန်ရော်ဘင်တို့လို ကစားသမားတွေနဲ့ လက်တွဲအလုပ်လုပ်ခဲ့ဖူးသူဖြစ်တဲ့အတွက် ဖီးလ်ဖိုဒန်ကို ချီးကျူးမှုက အမှန်တကယ်ကောင်းမွန်လို့သာ ချီးကျူးခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။
ဂွါဒီယိုလာက မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘယ်တော့မှ ရောင်းချနိုင်မှာမဟုတ်တဲ့ကစားသမားတစ်ဦးတည်းရှိပြီး ယင်းကစားသမားက ဖီးလ်ဖိုဒန်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ဖီးလ်ဖိုဒန်ကို မတော်တဆနဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့တာမဟုတ်ပါဘူး”
“သူက ဘယ်လိုအခြေအနေမျိုးမှာမှ ရောင်းထုတ်လို့ မဖြစ်နိုင်တဲ့ တစ်ဦးတည်းသောကစားသမားပါ။ ယူရိုသန်း ၅၀၀ နဲ့တောင် မရောင်းနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။