မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တနင်္လာနေ့ညမှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် ချယ်ဆီးအသင်းနဲ့ပွဲစဉ်ဟာ ကြီးမားတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာဖြစ်ပါတယ်။
ချယ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် မေးခွန်းဟောင်းတွေ ပြန်လာလိမ့်မယ်လို့ လီဗာပူးဂန္တဝင်ကစားသမား ဒန်နီမာဖီက ပြောကြားခဲ့ပြီး ဆိုးလ်ရှားရဲ့နည်းပြရာထူးအတွက်မဟုတ်ဘဲ ကစားသမားတွေအတွက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်ဆီးနဲ့ ကစားမယ့် အက်ဖ်အေဖလားပွဲစဉ်က ယူနိုက်တက်အတွက် ကြီးမားတဲ့ပွဲဖြစ်လာလိမ့်မယ်”
“ကျွန်တော် ဆိုးလ်ရှားနဲ့ သူ့ရဲ့အမြဲတမ်းနည်းပြဖြစ်လာနိုင်မယ့်အလားအလာအတွက် ဆိုလိုတာမဟုတ်ဘူးနော်။ ကစားသမားတွေ အတွက်ပါ”
“သူတို့ဟာ နည်းပြမော်ရင်ဟို ထုတ်ပယ်ခံရပြီးကတည်းက ကောင်းမွန်တဲ့ပုံစံရရှိခဲ့ပါတယ်။ ဒါပေမယ့် ထိပ်သီးအသင်းကြီး ၂ သင်းနဲ့ဆက်တိုက်တွေ့ဆုံပြီး ၂ ပွဲဆက်ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အရင်တုန်းက မေးခွန်းဟောင်းတွေ ပြန်ပေါ်လာပါလိမ့်မယ်”
“တကယ့်ပြဿနာက နည်းပြများလား ဒါမှမဟုတ် အသင်းလူစာရင်းကပဲ ကောင်းသင့်သလောက်မကောင်းတာလားဆိုတဲ့ မေးခွန်းတွေပေါ့”လို့ Daily Mail ကို ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ နည်းပြမော်ရင်ဟို ထုတ်ပယ်ခံခဲ့ရပြီးနောက် ယာယီနည်းပြ ဆိုးလ်ရှားရဲ့လက်ထက်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အပေါင်းလက္ခဏာပိုမိုဆောင်လာခဲ့ပြီး နိုင်ပွဲတွေကြောင့်လည်း ယုံကြည်မှုတွေ ပြန်လည်ရရှိလာခဲ့ကြတာဖြစ်ပါတယ်။