၂၀၂၁ ခုနှစ် မယ်စကြာဝဠာ (Miss Universe 2021) သရဖူကို အိန္ဒိယအလှမယ် Harnaaz Sandh က ပါရာဂွေးနဲ့ တောင်အာဖရိကမှ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်အလှမယ်တွေကို ကျော်ဖြတ်ပြီး သိမ်းပိုက်ရရှိသွားပါတယ်။
(Photo: Ariel Schalit / AP)
အကြိမ် ၇၀ မြောက် မယ်စကြာဝဠာ အလှမယ်ရွေးပွဲ နောက်ဆုံးအဆင့် ယှဥ်ပြိုင်မှုကို အစ္စရေးနိုင်ငံ Eilat မြို့ရှိ ပင်လယ်နီ အပန်းဖြေစခန်းမှာ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၁ ရက်) ညပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခုခေတ်ရဲ့ လူငယ်တွေ ရင်ဆိုင်နေရတဲ့ အကြီးဆုံးဖိအားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ပါပဲ
မင်းသမီးနဲ့ မော်ဒယ်ဖြစ်သူ အသက်၂၁ နှစ်အရွယ် အိန္ဒိယအလှမယ် Harnaaz Sandh ဟာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှ ဖြစ်ပါတယ်။ "အခုခေတ်မှာ ရင်ဆိုင်နေရတဲ့ ဖိအားတွေကို ဘယ်လိုဖြေရှင်းကြမလဲ" ဆိုတဲ့အပေါ် အမျိုးသမီးငယ်တွေအတွက် သူမရဲ့ အအကြံပြုမှုက ပြိုင်ဘက်တွေထက် သာလွန်ခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Ariel Schalit / AP)
"အခုခေတ်ရဲ့ လူငယ်တွေ ရင်ဆိုင်နေရတဲ့ အကြီးဆုံးဖိအားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ပါပဲ၊ တခြားသူတွေနဲ့ နှိုင်းယှဥ်ကြည့်နေတာကို ရပ်လိုက်ပါ၊ ကမ္ဘာအနှံ့မှာဖြစ်နေတဲ့ ပိုအရေးကြီးတဲ့ အကြောင်းတွေကို ပြောရအောင်ပါ" လို့ အလှမယ် Harnaaaz Sandh က ပြောပါတယ်။
COIVD-19 ကပ်ရောဂါကာလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ မယ်စကြာဝဠာရွေးပွဲကို ကမ္ဘာတစ်ဝန်းမှ အလှမယ် ၈၀ ကျော် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါတယ်။
တခြားသူတွေနဲ့ နှိုင်းယှဥ်ကြည့်နေတာကို ရပ်လိုက်ပါ၊ ကမ္ဘာအနှံ့မှာဖြစ်နေတဲ့ ပိုအရေးကြီးတဲ့ အကြောင်းတွေကို ပြောရအောင်ပါ
အစ္စရေးမှာ ကျင်းပပြုလုပ်တဲ့ မယ်စကြာဝဠာ အလှမယ်ရွေးပွဲဟာ အငြင်းပွားမှု အများအပြား၊ အစ္စရေးက ပါလက်စတိုင်းတွေအပေါ် ပြုမူဆက်ဆံမှုတွေအတွက် သပိတ်မှောက်ကြရန် တောင်းဆိုမှုများနဲ့ ပွဲကျင်းပခါနီးမှာ ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ် အိုမီခရွန် တွေ့ရှိလာရမှုတို့ ကြုံခဲ့ရပေမဲ့လည်း အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Ariel Schalit / AP)
၂၀၂၁ ခုနှစ် မယ်စကြာဝဠာ Harnaaaz Sandh ကို ယခင် မယ်စကြာဝဠာ အလှမယ် မက္ကစီကိုနိုင်ငံမှ Andra Meza က သရဖူဆောင်းပေးခဲ့ပါတယ်။ Harnaaaz Sandh မတိုင်မီ မယ်စကြာဝဠာအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အိန္ဒိယသူ နှစ်ဦးရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ဘောလိဝုဒ်မင်းသမီး Sushmita Sen နဲ့ ၂၀၀၀ ပြည့်နှစ်မှာ Lara Dutta တို့ ဖြစ်ပါတယ်။