Bitcoin ဈေး ဒေါ်လာ ၄၀၀၀၀ အောက်အထိ ကျဆင်းခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ စံချိန်တင်ဈေးတက်မယ်လို့ ယုံကြည်နေသူတွေ ရှိပါတယ်။
ဆွစ်ဇာလန်ဘဏ်တစ်ခုဖြစ်တဲ့ Seba အမှုဆောင်အရာရှိချုပ် ဂွီးဒူး ဗျူးလာကတော့ Bitcoin ဈေးဟာ လက်ရှိထက် နှစ်ဆနီးပါး ဈေးတက်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဒီနှစ်ထဲမှာ အဖွဲ့အစည်းအလိုက် ရင်းနှီးမြှပ်နှံသူတွေဟာ Bitcoin မှာ ရင်းနှီးမြှပ်နှံမှုလုပ်တာ များလာတာနဲ့အမျှ ဈေးလည်း လက်ရှိပေါက်ဈေးထက် နှစ်ဆနီးပါးဖြစ်တဲ့ အမြင့်ဆုံး ဒေါ်လာ ၇၅၀၀၀ အထိ တက်လာနိုင်တယ်လို့ ဗျူးလာက ဆိုပါတယ်။
Photo: financialexpress
"Bitcoin ဈေးက ဆက်ပြီး တက်နေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။" လို့ ဗျူးလာက ဗုဒ္ဓဟူးနေ့က ဆွစ်ဇာလန်နိုင်ငံ စိန့်မော်ရစ်ဇ်မှာ ကျင်းပတဲ့ Crypto Finance Conference မှာ CNBC သတင်းဌာနကို ပြောခဲ့တာပါ။
"ကျွန်တော်တို့ရဲ့ လုပ်ငန်းတွင်းတန်ဖိုးဖြတ်မှုမော်ဒယ်တွေအရဆို ဈေးဟာ ဒေါ်လာ ၅ သောင်းကနေ ၇ သောင်းခွဲအတွင်း မြင့်လာနိုင်တယ်လို့ ဖော်ပြနေပါတယ်။ ဒီအဆင့်အထိ တက်လာနေမယ်လို့ ကျွန်တော့်ဘက်က အတော်လေး သေချာသလောက်ရှိပါတယ်။ မေးစရာရှိတာက အချိန်ပါပဲ"လို့ ဗျူးလာက ဆိုပါတယ်။
Bitcoin ဟာ ၂၀၂၁ နိုဝင်ဘာလထဲမှာ ဒေါ်လာ ၆၉၀၀၀ ဈေးအထိ အမြင့်ဆုံးတက်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ တန်ဖိုးထိုးကျလာရာကနေ ဒေါ်လာ ၄၀၀၀၀ အောက်အထိ ကျသွားခဲ့ပါတယ်။ တနင်္လာနေ့ကအထိ Coin Metrics အချက်အလက်တွေအရ 1BTC ဟာ ၃၉၇၇၁.၉၁ ဒေါ်လာဈေးအထိ ကျသွားခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ၄၂၉၂၁.၅၅ ဒေါ်လာအထိ ပြန်တက်လာခဲ့ပါတယ်။