ဒီနေ့ ကစားမယ့် ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ပေါ့ဂ်ဘာ ပါဝင်လာမယ်လို့ မန်ယူနည်းပြမော်ရင်ဟိုက အတည်ပြုလိုက် ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက အသင်းထက် ဘယ်ကစားသမားကမှ အရေးမကြီးဘူးလို့လည်း ထပ်မံပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာ မော်ရင်ဟိုနဲ့ ပေါ့ဂ်ဘာတို့ရဲ့ ဆက်ဆံရေးက တော်တော်လေးပျက်စီးနေတာ ဖြစ်ပါတယ်။
Photo : Independent
ပေါ့ဂ်ဘာနဲ့ သူနဲ့အကြားမှာ နည်းပြနဲ့ကစားသမားဆက်ဆံရေးရှိတယ်လို့လည်း မော်ရင်ဟိုက ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမယ့် အသက် (၂၅)နှစ်အရွယ် ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်လက်ပတ် ပေးသွားမှာမဟုတ်တော့ဘူးလို့ မော်ရင်ဟိုက ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
Photo: Evening Standard
"မနက်ဖြန်ပွဲကို သူကစားပါလိမ့်မယ်၊ ပေါ့ဂ်ဘာက သူလိုကိုယ်လို ကစားသမားပါပဲ၊ ဘယ်ကစားသမားကမှ အသင်းထက်ပိုပြီး မကြီးကျယ်ပါဘူး၊ သူ့ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ကျေနပ်မှုရှိရင် သူ ပါဝင်ကစားရမှာပါ၊ စိတ်ကျေနပ်မှုမရှိဘူးဆိုရင်တော့ သူ ကစားရမှာ မဟုတ်ပါဘူး၊ ဒီတစ်ပတ်အတွင်းမှာ သူရဲ့ ကစားပုံအပေါ် ကျွန်တော် ကျေနပ်မိပါတယ်၊ လေ့ကျင်ခန်း ကောင်းကောင်း လုပ်နေခဲ့ပါတယ်၊ အသင်းက ကစားသမားကောင်းတွေကို လိုအပ်နေတာပါ၊ သူက ကစားသမားကောင်း တစ်ယောက်ပါ"
Photo : RTE
"မန်ချက်စတာယူနိုက်တက်ဆိုတာ ဘယ်ကစားသမားထက်မဆို ကြီးကျယ်ခမ်းနားပါတယ်၊ ဒီဂုဏ်ပုဒ်ကို ကျွန်တော်က ကာကွယ်ထိန်းသိမ်း သွားရမှာပါ" လို့လည်း မော်ရင်ဟိုက ထပ်ပြောပါတယ်။ ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မော်ရင်ဟိုက အခုလိုပြောခဲ့ပါသေးတယ်။
Photo : Stadium Astro
"အားလုံးကို အသေးစိတ် ကျွန်တော် ရှင်းပြခဲ့ပြီးပါပြီ၊ ကစားသမားတွေကိုလည်း ဒီအကြောင်း ပြောဆိုခဲ့ပြီးပါပြီ၊ အထူးသဖြင့် ပေါ့ဂ်ဘာနဲ့ ပိုပြီး ပြောခဲ့ပါတယ်၊ ရက်သတ္တပတ်အနည်းငယ်ကြာ လေ့လာသုံးသပ်အပြီးမှာ ကျွန်တော့် နည်းပြအဖွဲ့ဝင်တွေရဲ့ အမြင်တွေကလည်း ပြောင်းလဲ လာပါတယ်၊ ဒီအတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရပါတယ်၊ လက်ရှိမှာ ပေါ့ဂ်ဘာက အသင်းသားတစ်ယောက်ပါ၊ အသင်းခေါင်းဆောင်မဟုတ်တော့ပါဘူး" လို့ မော်ရင်ဟိုက အတိအလင်း ပြောကြားလိုက်ပါတယ်။