ခဝဲခြံ (၂) လမ်းအုပ်စုထဲက လူနာ ၇ ဦး ရောဂါပျောက်ကင်းသွားပါပြီ

အင်းစိန် ခဝဲခြံ (၂) လမ်းမှာ နေထိုင်တဲ့ မိသားစုတစ်စုတည်းက လူနာ (၆) ဦးအပါအဝင် စုစုပေါင်း လူနာ (၈) ဦး ရောဂါပျောက်ကင်းသွားပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ မေလ ၂၂ ရက် ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ပျောက်ကင်းလူနာတွေကတော့ လူနာအမှတ် ၅၅၊ ၁၁၂၊ ၁၆၄၊ ၁၆၇၊ ၁၇၁၊ ၁၇၂ နဲ့ ၁၇၄ တို့ ဖြစ်ကြပြီး လူနာအမှတ် ၅၅ က ဘာသာရေးပွဲအခမ်းအနားတက်ရောက်သူတွေကတစ်ဆင့် ကူးစက်ခံခဲ့ရသူဖြစ်ပါတယ်။ လူနာအမှတ် ၁၁၂ ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးက သူနာပြုတစ်ဦးဖြစ်ကာ လူနာအမှတ် ၉၆ က ထပ်ဆင့်ကူးစက်ခံခဲ့ရသူဖြစ်တယ်လို့ သိရပါတယ်။



လူနာအမှတ် ၁၆၄ ကနေ ၁၇၄ အထိ လူနာ ၆ ဦးကတော့ ကွယ်ကဘောဆေးရုံ သူနာပြု သုံးဦးဆီကထပ်ဆင့်ကူးစက်ခဲ့ရပြီး နှစ်ပတ်အကြာမှာ ရောဂါပျောက်ကင်းသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် အင်းစိန် ခဝဲခြံ (၂) လမ်းအုပ်စုမှာ လူနာအမှတ် ၁၅၇ ဟာလည်း မေလ ၁၉ ရက်နေ့က ပျောက်ကင်းစာရင်းထဲမှာပါဝင်တာကြောင့် အင်းစိန်ခဝဲခြံ (၂) လမ်းမှာ ပိုးတွေ့လူနာ (၁၅) ဦးရှိတဲ့အနက် ရောဂါပျောက်ကင်းသူ ၇ ဦးအထိရှိလာပြီလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီကနေ့ ည ၈ နာရီထုတ်ပြန်ချက်အရ လူနာသစ်ထပ်တိုးခဲ့ခြင်းမရှိဘဲ နှစ်ကြိမ်ဆက်ပိုးမတွေ့လူနာ (၈) ဦးထပ်တိုးလာတာကြောင့် ရောဂါပျောက်ကင်းသူစုစုပေါင်း (၁၁၆) ဦးအထိ ရှိလာပြီလည်း ဖြစ်ပါတယ်။ မေလ ၂၂ ရက် ည ၈နာရီအထိ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ (၁၉၉) ဦးရှိနေပြီး အဲဒီထဲကမှ ရောဂါပျောက်ကင်းသူ (၁၁၆) ဦးနဲ့ သေဆုံးသူ (၆) ဦးရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က