ဒီကနေ့ မေလ(၂၈)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID -19 အတည်ပြုလူနာ (၂၀၆)ဦးအနက် သေဆုံးသူ (၆)ဦးနဲ့ ရောဂါပျောက်ကင်းသွားသူ (၁၂၆)ဦးရှိပြီဖြစ်လို့ အတည်ပြုလူနာ (၇၄ )ဦးသာကျန်ရှိနေပါတော့တယ်။
အဆိုပါ ကျန်ရှိနေတဲ့ အတည်ပြုလူနာ (၇၄)ဦးထဲကမှ လူနာ နံပတ်(၂၈) ၊ (၁၉၂)နဲ့ (၁၉၃)တို့က ICU ခန်းထဲမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
လူနာနံပတ် (၂၈)က ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်က အသက်(၆၃)နှစ်အရွယ် အမျိုးသားဖြစ်ပြီး လူနာနံပါတ်(၈)ကနေတစ်ဆင့် ကူးစက်ခံထားရသူပါ။
လူနာနံပါတ်( ၁၉၂)နဲ့ (၁၉၃)ကတော့ ယူအေအီးကနေ အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်ခေါ်လာတဲ့သူတွေဖြစ်ပြီး ရှမ်းပြည်နယ်တောင်ကြီးမြို့က အသက်(၃၄)နှစ်အရွယ် အမျိုးသမီးနဲ့ ရန်ကုန်တောင်ဥက္ကလာပမြို့နယ်က အသက်(၆၀)အရွယ်အမျိုးသမီးတို့ဖြစ်ပါတယ်။
ပျောက်ကင်းလူနာ (၁၂၆)ဦးအနက် (၁၁၈)ဦးက ဆေးရုံကဆင်းသွားပြီဖြစ်တယ်လို့ ကျန်းမာရေးအသိပညာမြင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။
“ ဒီနေ့ မနက်စာရင်းအထိကတော့ ပျောက်ကင်းလူနာက အတည်ပြုလူနာရဲ့ ထက်ဝက်ကျော်ရှိပါတယ်။
အတည်ပြုလူနာတွေထဲက (၆)ဦးက သေဆုံးထားတယ်။ အတည်ပြုလူနာ (၂၀၆)ဦးမှာ (၁၂၆)ဦးပျောက်ကင်းသွားပြီဆိုတော့ လူနာက (၇၀)ကျော်ပဲကျန်ရှိတော့တယ်။ အဲဒီလူနာတွေကတော့ ပြည်သူ့ဆေးရုံ (၁၂) ရုံမှာ အသီးသီးဆေးကုသမှုခံယူနေတယ်။ (၃)ဦးကတော့ ICU ခန်းမှာကုသမှုခံယူနေရပါတယ်” လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
ICU ခန်းမှာ ကုသမှုခံယူနေတဲ့ လူနာ(၃)ဦးက အခြားရောဂါကူးစက်ခံထားရသူတွေထက် ဝေဒနာပြင်းထန်လို့ ICU ခန်းထဲရောက်နေပေမယ့် (၃)ယောက်လုံးမှာ အသက်ရှုစက်တပ်ဆင်ထားဖို့ မလိုသေးတာကြောင့် ကောင်းတဲ့ အနေအထားပါလို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
မေလ(၁၆)ရက်နေ့ကစပြီး (၂၈)ရက် မနက်ပိုင်းထိ မြန်မာနိုင်ငံမှာ ပြည်တွင်းရောဂါပိုးကူးစက်မှု တစ်ယောက်မှမတွေ့ရှိခဲ့ရပေမယ့် ပြည်ပကပြန်လာတဲ့သူတွေထဲကနေရောဂါပိုးတွေ့ရှိထားသူ (၂၄)ဦးထိရှိပါတယ်။
ပြည်တွင်းကူးစက်မှုမတွေ့ရှိတော့တာက လတ်တလောမှာ ရောဂါပိုးထိန်းချုပ်နိုင်တဲ့အနေအထားရှိပြီး ပြည်ပကပြန်လာတဲ့ သူတွေကိုလည်း သက်ဆိုင်ရာနေရာတွေမှာ Quarantine ထားရှိကာ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်လျှက်ရှိတယ်လို့ သိရပါတယ်။
Share