ချယ်ဆီးလူငယ်တိုက်စစ်မှူး တန်မီအေဘရာဟမ်ဟာ စနေနေ့က ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ရွှေဖိနပ်ဆုအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့် နိုင်ငံတကာအဆင့်နဲ့ပတ်သက်ပြီး ၎င်းရဲ့အနာဂတ်မဆုံးဖြတ်ရသေးကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အေဘရာဟမ်ဟာ လန်ဒန်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ချယ်ဆီးအသင်းမှာ ကစားနေခဲ့သူဖြစ်ပေမယ့် ယခုရာသီမတိုင်မီအထိ ပထမအသင်းကြီးအတွက် သွင်းဂိုး သွင်းယူနိုင်ခြင်းမရှိခဲ့သူဖြစ်ပါတယ်။
တန်မီအေဘရာဟမ်ဟာ နောဝစ်အသင်းနဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းအတွက် စီနီယာကစားသမားဘဝ ပထမဆုံးသွင်းဂိုးအဖြစ် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မှာ နောက်ထပ် ၂ ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ဝုဗ်နဲ့ပွဲစဉ်မှာ တန်မီအေဘရာဟမ်ဟာ ပိုမိုကောင်းမွန်တဲ့ခြေစွမ်း ပြသနိုင်ခဲ့ပြီး တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ တန်မီအေဘရာဟမ်ဟာ ယခုရာသီမှာ ချယ်ဆီးအသင်းအတွက် ၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၇ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တဲ့ စတားလင်း၊ ဟယ်ရီကိန်း၊ ရက်ရှ်ဖို့ဒ်တို့ရဲ့အထက်မှာ ရပ်တည်နေတာဖြစ်ပါတယ်။
တန်မီအေဘရာဟမ်ဟာ အောက်တိုဘာလ ၁၁ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ ချက်၊ ဘူဂေးရီယားအသင်းနဲ့ ကစားရမယ့် အင်္ဂလန်အသင်းလူစာရင်းအတွက် နည်းပြဂါးရတ်ဆောက်ဂိတ်ရဲ့ ခေါ်ယူဖို့အတွက် စီစဉ်ခြင်းခံနေရသူဖြစ်ပါတယ်။
တန်မီအေဘရာဟမ်ဟာ အင်္ဂလန်အသင်းအတွက် ခြေစမ်းပွဲ ၂ ပွဲသာ ပါဝင်ကစားပေးထားတာကြောင့် လက်ရှိအချိန်အထိ နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းကို ကိုယ်စားပြုကစားပေးဖို့ ရွေးချယ်ခွင့်ရှိနေဆဲဖြစ်ပါတယ်။
“ကျွန်တော် ပြောနေတာတွေ ကြားခဲ့ပါတယ်(နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းအတွက် ခေါ်ယူမယ့်သတင်း)”
“အချိန်ကျလာချိန်တန်ရင် အချိန်ကျလာမှာပါ”
“အဲဒီအပေါ်မှာ ကျွန်တော် တကယ်ကို အာရုံမစိုက်ထားသေးပါဘူး။ ကျွန်တော် ချယ်ဆီးအသင်းအပေါ်မှာပဲ အာရုံစိုက်ထားပြီး ဂိုးတွေပိုသွင်းဖို့နဲ့ အောင်မြင်မှုတွေ ရရှိချင်ပါတယ်”
“ကျွန်တော်တို့ ဘယ်တော့မှ မသိနိုင်ပါဘူး။ ခင်ဗျား ဘယ်တော့မှလို့ မပြောနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။