ယမန်နေ့က ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ယမန်နေ့က အီတီဟတ်မှာ ကစားခဲ့တဲ့ ကွန်ပနီရဲ့ဂုဏ်ပြုနှုတ်ဆက်ပွဲမှာ ရော်ဘင်ဗန်ပါစီ၊ ပေါလ်စခိုး၊ ရိုင်ယန်ဂစ်၊ မိုက်ကယ်ကားရစ်တို့လို ကြယ်ပွင့်ဟောင်းတွေကို ပြန်လည်မြင်တွေ့ခဲ့ရပြီး စိတ်ခံစားမှုတွေ ပြည့်နှက်ခဲ့ကြပါတယ်။

ကွန်ပနီဟာ တံကောက်ကြောဒဏ်ရာကြောင့် ၎င်းရဲ့ဂုဏ်ပြုနှုတ်ဆက်ပွဲကို ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်ကြယ်စင်စုအသင်းက ကွန်ပနီရဲ့ မန်ချက်စတာစီးတီးဂန္တဝင်အသင်းနဲ့တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီး ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ပွဲဖြစ်ခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါလ်စခိုးဟာ ဒုတိယပိုင်းမှာ ဘောလုံးကို မကြည့်ဘဲ ပေးပို့ခဲ့ပြီး ယင်းဖြစ်ရပ်က ပရိသတ်တွေအတွက် မမေ့နိုင်စရာဖြစ်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးဂန္တဝင်အသင်းအတွက် ပီးထရော့က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ရော်ဘီကိန်းက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

ဖီယင်နုအသင်းနဲ့ ပြီးခဲ့တဲ့ရာသီကို ကုန်ဆုံးပြီးနောက် ရာသီကုန်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီက အကောင်းဆုံးပုံစံမှာရှိနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ကြယ်စင်စုအသင်းရရှိခဲ့တဲ့ ၂ ဂိုးစလုံးမှာ ပါဝင်ပတ်သက်ခဲ့သူဖြစ်ပါတယ်။



အိုလီဂန်းနားဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီ တိုက်စစ်ပိုင်းမှာ အားနည်းနေပြီး ယူနိုက်တက်ပရိသတ်တွေက ရော်ဘင်ဗန်ပါစီကို ကာလတိုစာချုပ်ချုပ်ဆိုပြီး ပြန်လည်ခေါ်ယူဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်း ဗန်ပါစီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို နှလုံးသားထဲမှာ အထူးတစ်နေရာပေးထားဆဲဖြစ်ကြောင်းကို မန်ချက်စတာယူနိုက်တက်အသင်းပုံပါတဲ့ ညို့သကျည်းကာကို ဝတ်ဆင်ထားတာကို အမြင်စူးရှတဲ့ ပရိသတ်တစ်ဦးက မြင်တွေ့ခဲ့ပါတယ်။

ဗန်ပါစီဟာ အာဆင်နယ်အသင်းမှာ ၈ နှစ်ကြာကစားပေးခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၃ နှစ်ကြာကစားပေးခဲ့တဲ့အချိန်အတွင်း ပရီးမီးယားလိဂ်ဖလားအောင်မြင်မှုအရသာကို မြည်းစမ်းခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

ဗန်ပါစီဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ရာသီမှာပဲ တိုက်စစ်မှာ ထက်မြက်တဲ့ဂိုးသွင်းစွမ်းရည်ကို ပြသခဲ့ပြီး ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီကို ပရီးမီးယားလိဂ်ဆုဖလားနဲ့ နှုတ်ဆက်နိုင်အောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က