Daily Record သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဂီယာဟာ စာချုပ်သစ်အရ အသင်းရဲ့လစာအများဆုံးရ ကစားသမားအဖြစ်လည်း ရပ်တည်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဒီဂီယာဟာ အိုးထရက်ဖို့ဒ်မှာ နောက်ထပ် ၅ နှစ်ကြာဆက်လက်ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးဖို့ သဘောတူညီခဲ့ပြီလို့ သိရပါတယ်။ Daily Record သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဂီယာဟာ စာချုပ်သစ်အရ အသင်းရဲ့လစာအများဆုံးရ ကစားသမားအဖြစ်လည်း ရပ်တည်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းမှုကို ရရှိထားခဲ့ပေမယ့် ဒီဂီယာက လက်မှတ်ရေးထိုးခြင်းမရှိလို့ ကြန့်ကြာနေခဲ့ရပါတယ်။ ယူနိုက်တက်လည်း အသင်းရဲ့အားအထားရဆုံးကစားသမားကို ထိန်းသိမ်းထားနိုင်ဖို့အတွက် တော်တော်လေးကြိုးစားခဲ့ရပြီး လစာငွေညှိနှိုင်းမှုအဆင်ပြေခဲ့ပြိးနောက် သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။
ဒီဂီယာဟာ တစ်နှစ်လုပ်ခ ပေါင် ၁၃.၃သန်းအထိ အသင်းမှာ ရရှိသွားမှာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင်သုံးသိန်းနီးပါးအထိ ရရှိမှာဖြစ်ပါတယ်။ စပိန်ကို ပြန်လည်သွားရောက်ကစားဖို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး ပီအက်စ်ဂျီအသင်းရဲ့ ပစ်မှတ်လည်း ဖြစ်ခဲ့တဲ့ ဒီဂီယာဟာ အသင်းကို ချစ်မြတ်နိုးသူဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။
ဆိုးလ်ရှားက စာချုပ်သစ်ကိစ္စဟာ ဒီတစ်ပတ်အတွင်းမှာ ပြီးမြောက်အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေပြီး ဒီဂီယာကိုလည်း ချီးကျူးစကားတွေပြောဆိုခဲ့ပါတယ်။ စပိန်ဂိုးသမားအနေနဲ့လည်း အသင်းမှာ ကစားသမားဘဝကုန်ဆုံးတဲ့အထိ ဆက်လက်ရှိနေမယ်လို့ မျှော်လင့်ကြောင်းလည်း ဆိုးလ်ရှားက အခုလိုပြောခဲ့ပါတယ်။
"သူက အသင်းကို ချစ်မြတ်နိုးသူပါ၊ သူ အသင်းမှာ ဆက်ရှိနေမယ်ဆိုတာကို ကျွန်တော် အလွန်အမင်းယုံကြည်ခဲ့ပါတယ်၊ တခြားသူတွေထက် သူက အသင်းကို ပိုပြီးချစ်မြတ်နိုးပါတယ်၊ အသင်းမှာ ဆက်နေချင်တဲ့ ဆန္ဒရှိသလို သူနဲ့ အသင်းကြားမှာ ဆွေးနွေးမှုတွေ အများကြီးပြုလုပ်ခဲ့ရပါတယ်၊ ကျွန်တော်တို့ သူ့ကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုတာကလည်း သေချာပါတယ်" လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။