ဒီဂီယာကတော့ ၂၀၁၁ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် ပွဲပေါင်း ၃၆၆ ပွဲကစားပေးထားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမားအဖြစ်နဲ့ရော၊ ကမ္ဘာ့အဆင့်ကစားသမားအဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဂိုးသမားဒေးဗစ်ဒီဂီယာတို့ဟာ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိဖို့ နီးစပ်လာခဲ့ပြီလို့ Guardian သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် စပိန်ဂိုးသမားဟာ ကွင်းလယ်လူပေါ့ဂ်ဘာနဲ့ တူညီတဲ့ လစာနှုန်းထားကို ခံစားခွင့်ရရှိမယ်လို့လည်း သိရပြီး မကြာခင်မှာ လက်မှတ်ရေးထိုးဖွယ်ရှိတယ်လို့ သိရပါတယ်။
ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်လို့ အသင်းဘက်က ဒီဂီယာကို စာချုပ်သစ်အတွက် ကမ်းလှမ်းထားခဲ့ပါတယ်။ ဒါပေမယ့်လည်း လစာနှုန်းထားညှိနှိုင်းနေရမှုကြောင့် ကြန့်ကြာနေခဲ့ရပြီး အိုးထရက်ဖို့ဒ်ကလပ်အနေနဲ့ စပိန်ဂိုးသမားကို အလွတ်ထွက်ခွာခွင့်ပေးရမယ့် အနေအထားနဲ့လည်း ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။
စာချုပ်သစ်မှာ အခြေခံလုပ်ခအဖြစ် တစ်ပတ်ကို ပေါင်နှစ်သိန်းကိုးသောင်းအထိ ဒီဂီယာက ရရှိမယ်လို့ သိရပါတယ်။ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့လို ကစားသမားတွေကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့အပြီးမှာ ယူနိုက်တက်က ဒီဂီယာအတွက် အလေးအနက်ထားလာခဲ့တာဖြစ်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်။
ဒီဂီယာကတော့ ၂၀၁၁ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် ပွဲပေါင်း ၃၆၆ ပွဲကစားပေးထားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမားအဖြစ်နဲ့ရော၊ ကမ္ဘာ့အဆင့်ကစားသမားအဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။