မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် ဖွင့်ချိန်မှာ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် အဲရစ်ဆင်ကို စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းမယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးအပတ်မှာ အဲရစ်ဆင်ကို ကမ်းလှမ်းမှု မအောင်မြင်ခဲ့ပေမယ့် လာမယ့်နှစ်မှာ အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးပိုကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်ကြယ်ပွင့် အဲရစ်ဆင်ကို အရင်ကတည်းက နှစ်သက်ခဲ့သူဖြစ်ပြီး ၎င်းရဲ့လူစာရင်းမှာ ဖန်တီးမှုအားကောင်းတဲ့ နောက်ထပ်ကစားသမားတစ်ဦးကို ထပ်မံအားဖြည့်လိုနေတာဖြစ်ပါတယ်။
အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို စွန့်ခွာလိုခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘာနေဗျူးကို ပြောင်းရွှေ့မယ့်ကိစ္စဟာ အမှန်တကယ်ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ တော့တင်ဟမ်ဟော့စပါးအသင်းမှာသာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ဂါရတ်ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့လို ကစားသမားတွေကို ရောင်းထုတ်နိုင်ခဲ့ခြင်းမရှိတာကြောင့် အပြောင်းအရွှေ့ထပ်မံပြုလုပ်ဖို့ ငွေကြေးကျပ်တည်းနေခဲ့ပြီး စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့တဲ့ အဲရစ်ဆင်အတွက် စပါးက သတ်မှတ်ထားတဲ့ ပေါင်သန်း ၇၀ ကိုတောင် ပေးချေနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
အေဂျက်ကြယ်ပွင့်ဟောင်း အဲရစ်ဆင်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့မှာဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ပြည်ပကလပ်အသင်းတွေနဲ့ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်က လာမယ့်ဇန်နဝါရီလမှာ နည်းပြဆိုးလ်ရှား အားဖြည့်ချင်နေတဲ့ ကွင်းလယ်နေရာအတွက် မီးစိမ်းပြသခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပြီး အဲရစ်ဆင်ကို အရခေါ်ယူဖို့အတွက် အစီအစဉ်တွေ ဆွဲနေပြီလို့ သိရပါတယ်။