တစ်ကျောင်းလုံးက ကျောင်းသားတွေကို ၂၅ မိနစ်အတွင်း နေ့လည်စာဖိုး အပြီးငွေချေနိုင်စေမယ်လို့လည်း ဆိုပါတယ်။

ကျောင်းသားတွေရဲ့ မျက်နှာကို စကင်ဖတ်ပြီး နေ့လည်စာဖိုး ငွေချေတဲ့စနစ်ကို ယူကေစာသင်ကျောင်းက စားသောက်ဆိုင်တွေမှာ အသုံးပြုလာပြီလို့ ဆိုပါတယ်။ 

Financial Times သတင်းမှာ ယူကေနိုင်ငံ North Ayrshire က စာသင်ကျောင်း ၉ ခုရဲ့ ကျောင်းစားသောက်ဆိုင်တွေမှာ Facial Recognition နည်းပညာနဲ့ ငွေပေးချေမှု လက်ခံနေတယ်လို့ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးအတွင်းမှာ ထိတွေ့မှုလျှော့ချဖို့ မျက်နှာပြင်ဖတ်နည်းပညာက အကူအညီပေးတဲ့အပြင် ငွေပေးချေမှုကိုလည်း မြန်ဆန်စေမယ်လို့ ဆိုပါတယ်။ 




Photo: Financial Times

မျက်နှာပြင်ဖတ်နည်းပညာနဲ့ ငွေချေတာဟာ တစ်ကျောင်းလုံးက ကျောင်းသားတွေကို ၂၅ မိနစ်အတွင်း နေ့လည်စာဖိုး အပြီးငွေချေနိုင်စေမယ်လို့လည်း ဆိုပါတယ်။ ဒီနည်းပညာဟာ လက်ဗွေဖတ် Fingerprint scanner တွေ နဲ့ Card သုံးငွေချေမှုတွေထက် ကျန်းမာရေးအရ ပိုပြီး စိတ်ချရသလို မြန်ဆန်မှုလည်း ရှိပေမယ့် တစ်ဖက်မှာလည်း လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ ဘေးကင်းမှုအရေးမှာ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ 

"မျက်နှာပြင်ဖတ် နည်းပညာနဲ့ ကျောင်းသားတွေဟာ သူတို့စားချင်တဲ့ အစားအစာရွေးပြီးတာနဲ့ ကင်မရာရှေ့ သွားရပ်လိုက်ရုံပါပဲ။ ဒီနည်းပညာက စားသောက်စရာဝယ်ဖို့ ထိတွေ့တာမျိုး ရှောင်ရှားနိုင်ပြီး မြန်ဆန်တဲ့ နေ့လည်စာဝန်ဆောင်မှု ပေးနိုင်ပါတယ်။" လို့ ကျောင်းတွေကနေ ကျောင်းသားမိဘတွေကို ဝေတဲ့ လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။ 

ကလေးတွေရဲ့ ဇီဝအချက်အလက်မှတ်တမ်းကို လျှို့ဝှက် Form ပုံစံနဲ့ သိမ်းဆည်းထားပြီး ကလေးတွေ ကျောင်းပြီးသွားချိန်မှာ ဒီ Form ကို ဖျက်ဆီးပစ်မယ်လို့လည်း ဆိုပါတယ်။ ကလေးမိဘတွေအနေနဲ့လည်း သူတို့ရဲ့ သားသမီးကို ဒီနည်းပညာ သုံးခွင့်ပြု/မပြု ဆုံးဖြတ်ခွင့်ရှိပြီး မျက်နှာပြင်ဖတ်နည်းပညာ မသုံးချင်တဲ့ မိဘတွေကတော့ ငွေပေးချေတာကို PIN နံပါတ် ရိုက်ပြီး ငွေချေနိုင်မှာ ဖြစ်ပါတယ်။ 

Photo: Engadget


ကျောင်းစားသောက်ဆိုင်မှာ မျက်နှာပြင်ဖတ်နည်းပညာနဲ့ ငွေချေတဲ့စနစ် တပ်ဆင်ပေးနေတဲ့ CRB Cunninghams ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေးဗစ် ဆွမ်စတန်ကတော့ မျက်နှာပြင်ဖတ်နည်းပညာနဲ့ ငွေချေတာဟာ ပျမ်းမျှအားဖြင့် ၅ စက္ကန့်အတွင်း လူတစ်ယောက်နှုန်းကို ငွေချေပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီစနစ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစလို့ ရှေ့ပြေး Pilot ပရောဂျက်အနေနဲ့ စတင်ခဲ့တာ ဖြစ်ပြီး လောလောဆယ်မှာ ဒီနည်းပညာ သုံးဖို့ စာရင်းသွင်းထားတဲ့ စာသင်ကျောင်း ၆၅ ကျောင်းရှိတယ်လို့ ပြောပါတယ်။ 

North Ayrshire ကောင်စီရဲ့ အဆိုအရ ကျောင်းသားမိဘတွေရဲ့ ၉၇% ဟာ ဒီစနစ်ကို လက်ခံကြောင်း စာရင်းသွင်းထားတယ်လို့လည်း ဆိုပါတယ်။ 


Share

Loading Next Article...
က္က