ရော်နယ်ဒိုရဲ့ အင်စတာဂရမ်စတိုရီမှာ ရေးသားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ရုရှားကျူးကျော်တာခံနေရတဲ့ ယူကရိန်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ဆန္ဒဖော်ထုတ် ပြောကြားလာခဲ့ပါတယ်။ ရုရှားဟာ ယူကရိန်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူး ညပိုင်းကစလို့ ကျူးကျော်တိုက်ခိုက်နေပြီး ဘောလုံးလောကအပါအဝင် တကမ္ဘာလုံးက ယူကရိန်းဘက် မားမားမတ်မတ်ရပ်တည်လျက်ရှိပါတယ်။



လက်ရှိ အင်စတာဂရမ်မှာ Follower ပေါင်း (၄၀၆) သန်းနဲ့ အင်စတာဂရမ်ရဲ့ Follower အများဆုံးလူပုဂ္ဂိုလ်ဖြစ်နေတဲ့ ရော်နယ်ဒိုကလည်း ယူကရိန်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အခုလိုပဲ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုက “ကျနော်တို့ရဲ့ ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတခုကို ဖန်ဆင်းဖို့ လိုအပ်ပါတယ်”

“ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးရရှိအောင် ဆုတောင်းပေးနေပါတယ်” လို့ သူ့ရဲ့ အင်စတာဂရမ်စတိုရီကတဆင့် ရေးသားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဝက်ဖို့ဒ်တို့ရဲ့ပွဲမတိုင်ခင်မှာလည်း နှစ်ဖက် အသင်း ကစားသမားတွေနဲ့ နည်းပြရန်းနစ်ဂ်တို့ဟာ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ဘာသာစကား (၆) မျိုးနဲ့ ရေးသားကာ ယူကရိန်းအတွက် ရပ်တည်ပေးခဲ့ပါတယ်။

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာ ကလပ်အသင်းတွေ၊ ပရိသတ်တွေ၊ ကစားသမားတွေက ယူကရိန်းဘက်က ခိုင်ခိုင်မာမာရပ်တည်ပေးခဲ့ကြပြီး ယူနိုက်တက်ကလည်း ဒီမတိုင်ခင်မှာ အသင်းရဲ့ လေကြောင်းလိုင်းစပွန်ဆာဖြစ်တဲ့ Aeroflot နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပါသေးတယ်။ Aeroflot နဲ့ ယူနိုက်တက်တို့ဟာ (၂၀၁၃) တည်းက စပွန်ဆာအဖြစ် လက်တွဲခဲ့တာဖြစ်ပြီး လာမယ့်ဧပြီမှာ စာချုပ်သက်တမ်း ကုန်ဆုံးကြမှာပါ။

ဒါပေမယ့် ယူနိုက်တက် အမှုဆောင်အရာရှိချုပ်အသစ် ရစ်ချက်အာနိုးလ်ကလည်း ဒီလေကြောင်းလိုင်းနဲ့ စပွန်ဆာ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိခဲ့ဘဲ အခုချိန်မှာတော့ စောစောစီးစီးပဲ စာချုပ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က