လီဗာပူးဂန္တဝင်ကစားသမားဟောင်း ကာရေဂါက ရော်နယ်ဒိုကြောင့် ယူနိုက်တက်မှာ တစ်ဦးချင်းပြဿနာတွေ ပိုမိုဖြစ်ပွားလာတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ရဲ့နှောင်းပိုင်းမှာ ရော်နယ်ဒိုကို ယူနိုက်တက်တို့ ပြန်လည်ခေါ်ယူခဲ့ပြီး အသက် (၃၆) နှစ်အရွယ် ဒီကစားသမား ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတဲ့အပေါ် သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့အတူ ယူနိုက်တက်တို့ အောင်မြင်မယ်လို့ သုံးသပ်သူတွေရှိသလို သူ့အသက်အရွယ်နဲ့ အသင်းရဲ့လက်ရှိအနေအထားကြောင့် ပြဿနာတွေရှိလာနိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိခဲ့တာပါ။ လက်ရှိအချိန်မှာလည်း ကာရေဂါက “ယူနိုက်တက်က အခုချိန်အထိ အသင်းလိုက်ထက် တစ်ဦးတစ်ယောက်ချင်း ကစားတဲ့အသင်းပဲဖြစ်နေဆဲပါ”
“ရော်နယ်ဒိုရောက်လာတာက ဒါကိုပြင်ဆင်ဖို့ထက် ဒီပြဿနာကို ပိုကြီးလာအောင် နောက်ထပ် ပေါင်းစပ်လိုက်သလိုပါပဲ။ အဲ့ဒါကြောင့်လည်း အသင်းက သိပ်ကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပေမယ့် မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးတို့လို အဆင့်မျိုးကို မရောက်လာသေးတာပါ”
“နောက်ဆုံး လိဂ်အိမ်ကွင်း (၂) ပွဲမှာ (၅) မှတ်လျော့သွားတာက ယူနိုက်တက်မှာ မတည်ငြိမ်မှုတွေရှိနေဆဲဆိုတာကို သက်သေပြခဲ့ပါတယ်” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ဒီရာသီ ကစားပြီးခဲ့တဲ့ (၆) ပွဲမှာ (၅) ဂိုးသွင်းယူထားပေမယ့် အသင်းလိုက်ကစားပုံကတော့ ရုန်းကန်နေရဆဲပါ။
ဒီအတွက် နည်းပြဆိုးလ်ရှားအပေါ်မှာလည်း ဝေဖန်ပြစ်တင်မှုတွေရှိနေပါတယ်။ ရော်နယ်ဒိုကို နည်းပြဆိုးလ်ရှားက အသက်အရွယ်ကြောင့် ပွဲတိုင်းကိုကစားခွင့်ပေးမှာမဟုတ်ဘူးဆိုထားသလို နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာလည်း ရော်နယ်ဒိုကို လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားစေခဲ့ပါတယ်။
ဒီအတွက် ရော်နယ်ဒိုကိုယ်တိုင်ကလည်း မပျော်မရွှင်ဖြစ်နေပြီး အသင်းရဲ့ရလဒ်ပိုင်းတွေကလည်း နောက်ပိုင်းမှာတဖြည်းဖြည်းဆိုးရွားလာခဲ့တာကြောင့် ယူနိုက်တက်နည်းပြဆိုးလ်ရှားနဲ့ အသင်းသားတွေ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။