ယူနိုက်တက်ကွင်းလယ်လူသစ် ကက်စ်မဲရိုးက သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ စွမ်းဆောင်ခဲ့တဲ့အတိုင်း ယူနိုက်တက်မှာလည်း စွမ်းဆောင်ပေးလိုကြောင်း၊ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးလိုကြောင်း ပြောကြားခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ မနေ့ညက ယူနိုက်တက်နဲ့လီဗာပူးပွဲမစခင် အိုးထရက်ဖို့ဒ်ကွင်းအတွင်း အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါပြီ။

အဆိုပါ ဘရာဇီးကွင်းလယ်လူဟာ ယူနိုက်တက်မှာ တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲရရှိမှာဖြစ်ပြီး အသင်းရဲ့လုပ်ခအများဆုံး ကစားသမားတွေထဲကတယောက်လည်း ဖြစ်လာခဲ့ပါတယ်။ ကက်စ်မဲရိုးကိုခေါ်ယူဖို့ ယူနိုက်တက်က အမြန်ဆုံးကြိုးစားခဲ့ပြီး ရက်ပိုင်းအတွင်းမှာတင် အပြောင်းအရွှေက အပြီးသတ်ခဲ့ပါတယ်။ ယူနိုက်တက်ကို ရောက်လာတဲ့ ခံစားချက်နဲ့ပတ်သက်လို့ ကက်စ်မဲရိုးက အခုလိုပဲ ပြောပါတယ်။

ကက်စ်မဲရိုးက “ယူနိုက်တက်နဲ့ပတ်သက်လို့ ကျနော်အရင်ဆုံးဖြစ်ချင်တာက ဒီအသင်းအပေါ်ထားတဲ့ ကျနော့်ရဲ့ ခံစားမှု၊ လေးစားမှုတွေပါ။ ရီးရဲလ်မက်ဒရစ်မှာ စွမ်းဆောင်ခဲ့တဲ့အတိုင်း ကျနော် ယူနိုက်တက်မှာလည်း စွမ်းဆောင်ပြချက်ပါတယ်။ ကျနော့်ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်၊ အလုပ်ကြိုးစားမှု၊ ပရော်ဖက်ရှင်နယ်ဆန်တဲ့ခံယူချက်တွေပေါ့”
“ယူနိုက်တက်နဲ့ပတ်သက်လို့ ဘယ်လောက်အထိ အလေးအနက်ထားလဲဆိုတာကို ကျနော် နေ့စဥ်ကြိုးစားပြီး သက်သေပြချင်ပါတယ်။ ကျနော် ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးချင်ပါတယ်။ ဒီလိဂ်ပြိုင်ပွဲက စိတ်လှုပ်ရှားစရာကောင်းတဲ့လိဂ်တခုဆိုတာကို သိထားပါတယ်။ ကျနော့်ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်တွေထဲက တခုကို ဖြတ်သန်းနေရတာပါ”
“ကျနော်က အသင်းနဲ့အရမ်းကို အံဝင်ခွင်ကျဖြစ်နေတယ်လို့ ခံစားရပြီး စိတ်ပိုင်းဆိုင်ရာအရလည်း အကောင်းဆုံး အနေအထားမှာရှိပါတယ်။ ကျနော်က နေ့တိုင်း၊ နေ့တိုင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းချင်ပြီး ယူနိုက်တက်မှာလည်း ဒါမျိုးဖြစ်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်က လီဗာပူးကို ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲကို ကက်စ်မဲရိုးက ပွဲကြည့်စင်ပေါ်ကနေ ကြည့်ရှုခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ကက်စ်မဲရိုးကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။