Sony Xperia စမတ်ဖုန်းတွေအပေါ် လူကြိုက်များမှု ကျဆင်းလာတာ နှစ်ပေါင်းအတော်လေး ကြာလာပြီ ဖြစ်ပါတယ်။
စမတ်ဖုန်းစီးပွားရေး ပြန်ကောင်းလာမယ်လို့ ဂျပန်ဖုန်းကုမ္ပဏီ Sony အနေနဲ့ မျှော်လင့်ချက်တွေ ရှိနေဆဲ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ သုံးလပတ် ဖုန်းရောင်းအားဟာ စံချိန်တင် အဆိုးဆုံးကျဆင်းခဲ့တယ်လို့ Android Central သတင်းက ဆိုပါတယ်။ Sony ရဲ့ ကြေညာချက်အရ ၂၀၂၀ ဇန်နဝါရီနဲ့ မတ်လအတွင်း Xperia ဖုန်းပေါင်း ၄ သိန်းပဲ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ကုမ္ပဏီသမိုင်းမှာ အဆိုးဆုံး ရောင်းအားကျဆင်းမှု ဖြစ်ပါတယ်။
Photo: The Verge
ပြီးခဲ့တဲ့နှစ် ကာလတူ သုံးလပတ်မှာ စမတ်ဖုန်းအလုံးရေ ၁.၁ သန်း ရောင်းချနိုင်ခဲ့တဲ့ Sony အတွက် နှစ်အလိုက်ကျဆင်းမှုဟာ ၆၃.၇% ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဒီနှစ် ပထမသုံးလပတ်မှာ စမတ်ဖုန်း အလုံးရေ ၇ သိန်း ရောင်းချနိုင်ဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး COVID-19 ကြောင့် ရောင်းအားကျဆင်းမှု ပိုဆိုးသွားခဲ့တာပါ။ ဝယ်လိုအားအပြင် ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုဟာလည်း ကပ်ဘေးကြောင့် ထိခိုက်ခဲ့တယ်လို့ Sony က ထုတ်ပြန်ပါတယ်။
ဂျပန်နည်းပညာကုမ္ပဏီ Sony ဟာ ယခုနှစ် ပထမသုံးလပတ်မှာ လုပ်ငန်းလည်ပတ်ရန် အမြတ်ငွေ ယန်း ၃၅.၄၅ ဘီလျံ (ဒေါ်လာ ၃၃၁ သန်း ) ရခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ရခဲ့တဲ့ ယန်း ၈၂.၇၃ သန်းအောက် ကျဆင်းသွားတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသုံးကုန်လျှပ်စစ်ပစ္စည်း ဝယ်လိုအား ကျဆင်းခဲ့ပြီး လုပ်ငန်းလည်ပတ်ငွေ ကျဆင်းလာတာ ဖြစ်တယ်လို့ Sony က ပြောပါတယ်။
Photo: phonemantra
Sony ဟာ နိုင်ငံအများအပြားမှာ ရှိတဲ့ စက်ရုံအလုပ်ရုံတွေထဲက တစ်ချို့မှာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရပါတယ်။ ဒီနှစ်ထဲမှာ ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ် လုပ်ငန်းလည်ပတ်အမြတ်ငွေထက် အနည်းဆုံး ၃၀% လျော့နည်းမယ်လို့ ခန့်မှန်းထားပါတယ်။ ဂိမ်းစီးပွားရေးဟာ အားကောင်းနေပြီး ကင်မရာပုံရိပ်အာရုံခံစီးပွားရေးကတော့ High-end ဖုန်းဝယ်လိုအား ကျဆင်းမှုနဲ့အတူ ရောင်းအားထိခိုက်နိုင်ပါတယ်။
ဒုတိယသုံးလပတ်အတွက် Sony စမတ်ဖုန်းနဲ့ လူသုံးကုန် လျှပ်စစ်ပစ္စည်းရောင်းအားကို ခန့်မှန်းထားခြင်း မရှိသေးပါဘူး။ လောလောဆယ် ထွက်ထားတဲ့ Xperia 1 II နဲ့ Xperia 10 II တို့ကလည်း ဖောက်သည်တွေကို ဆွဲဆောင်နိုင်ခြင်း မရှိတာကြောင့် စမတ်ဖုန်းဈေးကွက်ဗျူဟာ ပြန်သုံးသပ်ရဖို့ ရှိပါတယ်။