မုတ်သုံလေဟာ မေလ ၂၁ ရက်မှာ မြန်မာနိုင်ငံတောင်ပိုင်းကို စတင်ဝင်ရောက်မည်

၂၀၁၉ ခုနှစ်ဟာ အရင်နှစ်တွေကထက် မုတ်သုံလေအဝင်နောက်ကျပြီး မိုးရွာသွန်းမှု လျော့နည်းနေတဲ့အပြင် အပူချိန်တွေလည်း မြင့်မားနေတယ်လို့ မိုးလေဝသပညာရှင်ဒေါက်တာ ဦးထွန်းလွင်က လူမှုကွန်ရက်စာမျက်နှာ ရေးသားဖော်ပြထားပါတယ်။

လက်ရှိ ခန့်မှန်းချက်အရ မေလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံရဲ့ တောင်ပိုင်းကို စတင်ဝင်ရောက်မယ်လို့ သိရပါတယ်။ မေလ ၂၁ ရက်ကနေ ၂၂ ရက်အတွင်း တနသာၤရီတိုင်းဒေသကြီး စတင်ဝင်ရောက်မှာဖြစ်ပြီး မေလ ၂၃ ရက်ကနေ ၂၅ ရက်အတွင်းတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသအားလုံးကို မုတ်သုံလေဝင်ရောက်ပြီးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ကျန်ဒေသတွေကိုတော့ မေလကုန် ဇွန်လဆန်းပိုင်းမှာ ဆက်လက်ဝင်ရောက်သွားဖွယ်ရာရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကိုတော့ မေလ ၂၄ ရက်ကနေ ၂၈ ရက်အတွင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို မေလ ၂၉ ရက်ကနေ ဇွန်လ ၃ ရက်အတွင်း၊ မြန်မာတစ်နိုင်ငံလုံးကို ဇွန်လ ၃ ရက်ကနေ ၈ ရက်အတွင်းဝင်ရောက်မယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။

မိုးဦးကာလရောက်လာပေမယ့်လည်း အယ်လ်နီညိုရဲ့ အရှိန်မကုန်သေးတာကြောင့် ရာသီဥတုကတော့ ဆက်လက်ပူပြင်းဦးမယ်လို့ မိုးဇလဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဆိုပါတယ်။ လက်တလောမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ဖို့ အခြေအနေမရှိသေးဘဲ ယခုလအတွင်း လေဖိအားနည်းရပ်ဝန်း (၂) ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်မှာ ပိုမိုအားကောင်းတဲ့ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထားပါတယ်။

Share

Loading Next Article...
က္က