ယူရိုအိမ်ရှင်လုပ်ခွင့်အတွက် ရုရှားတို့ ဝင်ရောက်ယှဥ်ပြိုင်မှာပါ။

ရုရှားနိုင်ငံဟာ ယူရို (၂၀၂၈) ဒါမှမဟုတ် ယူရို (၂၀၃၂) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒီသတင်းကိုတော့ နာမည်ကျော် ESPN သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။



ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ရုရှားဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင်အစည်းအဝေးမှာ ဒီကိစ္စအတွက် ဆွေးနွေးခဲ့ကြပြီးနောက် အခုလိုပဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ရုရှားဟာ ဒီလိုမျိုး အိမ်ရှင်ကျင်းပခွင့်တွေအတွက် အင်္ဂလန် ဒါမှမဟုတ် အီတလီနိုင်ငံတို့နဲ့ ရင်ဆိုင်ရမယ်လို့ သိရပါတယ်။

ဒါပေမယ့် အခုချိန်မှာ ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားကြောင့် ရုရှားလက်ရွေးစင်ရော၊ ကလပ်အသင်းတွေရောအားလုံး နိုင်ငံတကာပြိုင်ပွဲအားလုံးကနေ ထုတ်ပယ်ခံထားရပါတယ်။ အဲ့ဒါကြောင့်လည်း ရုရှားရဲ့လုပ်ရပ်တွေကတော့ တော်တော်လေးကို စဥ်းစားရခက်စေတဲ့လုပ်ရပ်တွေလည်းဖြစ်ပါတယ်။ ယူကရိန်းကို ပူတင်က ကျူးကျော်စစ်ဆင်နွှဲဖို့ ရုရှားတပ်တွေကို အမိန့်ပေးလိုက်ပြီး ရက်ပိုင်းအတွင်းမှာတင် ရုရှားဘောလုံးလောကအပေါ် အရေးယူမှုတွေ ပြင်းထန်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာ ကျင်းပလျက်ရှိနေတဲ့ ပြိုင်ပွဲအားလုံးကနေ ရုရှားကလပ်အသင်းတွေကို ထုတ်ပယ်ခဲ့သလို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကလည်း ရုရှားလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားပလေးအော့ဖ်ခြေစစ်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ ရုရှားကတော့ ဒီလိုလုပ်ရပ်တွေအပေါ် ကျေနပ်လက်ခံခဲ့ခြင်းမရှိပါဘူး။

အဲ့ဒါကြောင့်လည်း ပြိုင်ပွဲတွေက အထုတ်ခံရတဲ့အပေါ် နိုင်ငံတကာအားကစားခုံရုံး (CAS) ကို အယူခံဝင်ခဲ့ပေမယ့် ရုရှားရဲ့ အယူခံက ထပ်မံပယ်ချခံခဲ့ရပြန်ပါတယ်။ ယူအီးအက်ဖ်အေဟာ ရုရှားအပြင် ရုရှားဘက်ကနေ ကူညီနေတဲ့ ဘီလာရုစ်လက်ရွေးစင်အသင်းကိုပါ အိမ်ကွင်းကစားခွင့် ပိတ်လိုက်ပြီး ကြားကွင်းမှာလည်း ဘီလာရုစ်ပရိသတ်တွေကို ကွင်းတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်လိုက်ပါတယ်။ 

Share

Loading Next Article...
က္က