OPPO ရဲ့ ပထမဆုံး မိတ်ကပ်ဗူးစတိုင် ခေါက်သိမ်းနိုင်စမတ်ဖုန်းသစ် ကြေညာသွားပြီ ဖြစ်ပါတယ်။
ဈေးအသက်သာဆုံး ခေါက်သိမ်းနိုင်စမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Flip ဖုန်းသစ် OPPO Find N2 Flip ကို မိတ်ဆက်သွားတာပါ။ Galaxy Z Flip နဲ့ Moto RAZR 2022 စတိုင် ခေါက်သိမ်းနိုင်ဒီဇိုင်း သုံးထားပြီး အပြင်မှာ ၃.၆၂ လက်မ ကာဗာ Display ခပ်ကြီးကြီး သုံးလာတာက ထူးခြားမှုတစ်ခုပါပဲ။
Photo: GSMArena
ကာဗာ Display ကို 60Hz OLED Panel သုံးပေးထားပြီး Selfie ဆွဲတာကနေ QR codes ပြတာ ၊ ရာသီဥတုအခြေအနေ ကြည့်တာနဲ့ settings တချို့ အပြောင်းအလဲ လုပ်တာတွေကိုလည်း ဒီ Display မှာပဲ အလုပ်လုပ်နိုင်မှာပါ။ OPPO Find N2 Flip ဟာ အတွင်းဘက် မခေါက်သိမ်းဘဲ ဖြန့်ထားချိန် ၆.၈ လက်မအရွယ်အစား ရှိတဲ့ 120Hz AMOLED Panel နဲ့ လာပြီး 1-120Hz LTPO Display အမျိုးအစား သုံးထားပါတယ်။
အတွင်း Display ဟာ HDR10+ Support နဲ့ 97% DCI-P3 Coverage လည်း ပါရှိတဲ့အပြင် တောက်ပမှုနှုန်း 1600nits အထိ အမြင့်ဆုံး ပါရှိပါတယ်။ OPPO Find N2 Flip ကို Dimensity 9000+ Chipset နဲ့ မောင်းနှင်ထားပြီး 8/256GB ၊ 12/256GB နဲ့ 16/512GB ဆိုပြီး ဗားရှင်း ၃ မျိုး ထွက်ထားပါတယ်။ RAM နဲ့ Storage တွေကို LPDDR5 နဲ့ UFS3.1 စနစ် သုံးထားတာ ဖြစ်ပါတယ်။
ကင်မရာပိုင်းမှာ ကျောဘက် Sony IMX890 1/1.56” Sensor 50MP Main ကင်မရာနဲ့ 8MP Ultrawide Lens တို့ သုံးထားပြီး အတွင်းဘက် Display မှာ 32MP Selfie ကင်မရာ ပါရှိပါတယ်။ နောက်ဘက် Dual ကင်မရာတွေကို သုံးပြီးလည်း Cover Display ကနေ Selfie ဆွဲလို့ ရနိုင်မှာပါ။ ဓါတ်ပုံနည်းပညာပိုင်းအတွက် MariSilicon X Chip လည်း ထည့်ပေးထားပါတယ်။
ဘက်ထရီပါဝါ 4300mAh ဟာ 44W Fast Charging အမြန်အားသွင်းစနစ် သုံးထားတာဖြစ်လို့ ခေတ်ပြိုင် Flip ဖုန်းတွေထဲမှာ ဘက်ထရီပါဝါနဲ့ အားသွင်းစနစ်အမြန်ဆုံး Foldable Flip ဖုန်းလို့ ပြောနိုင်ပါတယ်။ 44W Fast Charging ရဲ့ အားသွင်းစနစ်နဲ့ 4300mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း ၃၄% အားသွင်းနိုင်ပြီး အပြည့်အားသွင်းနိုင်ဖို့ တစ်နာရီနီးပါး ကြာနိုင်ပါတယ်။
Photo: TechAdvisor
OPPO Find N2 Flip ကို ကမ္ဘာ့ဈေးကွက်ထဲလည်း ဖြန့်ချိဖို့ ရှိပြီး တရုတ်ဈေးကွက်မှာတော့ ယွမ် ၆၀၀၀ (မြန်မာငွေ ၂၂ သိန်းဝန်းကျင်) ၊ ယွမ် ၆၄၀၀ (မြန်မာငွေ ၂၃ သိန်းခွဲ) နဲ့ ယွမ် ၇၀၀၀ (မြန်မာငွေ ၂၆ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။