အိန္ဒြာကျော်ဇင်က အချစ်ရေးမှာ Romantic ဆန်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်ကလည်း တစ်ယောက်နဲ့ တစ်ယောက် ခေါ်ကြ၊ ပြောကြတဲ့ ပုံစံတွေကလည်း မတူဘူးလို့ပြောပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ အိမ်ထောင်ရေးကိုတော့ အားကျရတဲ့ပရိသတ်တွေလည်း အများကြီးရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က ချစ်ပေမယ့်လည်း Romantic ဆန်တာမျိုး မရှိဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
‘’ Romantic ကတော့ မဆန်ဘူး။ သူ ဆန်လား မဆန်လားဆိုတာလည်း အစ်မကတော့ မဆန်တာ သေချာတယ်။ အစ်မက ဇာတ်ကားတေေွထဲမှာ အလုပ်အရသာ Romantic ဆန်ဆန်လုပ်ရတာ အပြင်မှာ လုံးဝ မကျွမ်းဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

ပြေတီဦးကတော့ ဇနီးချောလေး အိန္ဒြာကျော်ဇင်ကို ချစ်စနိုးနဲ့ နာမည်ပေးထားတာတွေကတော့ အများကြီးပါပဲတဲ့။ အိန္ဒြာကျော်ဇင်ကလည်း ချစ်ရတဲ့ ခင်ပွန်းကို ချစ်စနိုးနဲ့ ခေါ်တာတွေ ရှိတယ်လို့ဆိုပါတယ်။
‘’ခေါ်တာကတော့ မျိုးစုံပါပဲခေါ်တာ။ ပါးစပ်ထဲရှိတာတွေ လျှောက်ခေါ်တာပါ။ တစ်ယောက်နဲ့တစ်ယောက် ခေါ်တာချင်းကတော့ မတူဘူးပေ့ါနော်။ အစ်မကလည်း မျိုးစုံခေါ်တာပါပဲ။ ကိုယ့်ကိုယ်လည်း မျိုးစုံခေါ်တာ ခံရတော့ အဲဒီအပေါ်မှာ အရမ်းကြီး Serious ကြီး သိပ်မထားဖြစ်ဘူး’’ ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့က ပြေတီဦးဖောင်ဒေးရှင်း ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
သူတို့ ဇနီးမောင်နှံရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ‘’သုုဒြာရုပ်ရှင်ထုတ်လုပ်ရေး’’က ရိုက်ကူးမယ့် ‘’ငရဲဆို ချိုနဲ့လား’’ ရုပ်ရှင်ကားကြီးကိုလည်း မကြာခင်ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
‘’ ဒီဇာတ်ကားက ဘတ်ဂျက်ကိုတော့ တော်တော်လေး ထည့်ရမယ့် သဘောမှာရှိတယ်။ ပြင်ဆင်မှုအပိုင်းကတော့လေ လွန်ခဲ့တဲ့ ၂ လပိုင်းလောက်ကတည်းက အသေးစိတ်က အစပြင်ဆင်နေတာတော်တော်ကြီးကို ကြာပြီ။ ဒါရိုက်တာအပိုင်းကလည်း တကယ်ကို စိတ်ပါဝင်စားစွာနဲ့လုပ်နေကြတယ်။ ကိုယ်တိုင်တော့ မပါဘူး Only Productor ပဲ’’ လို့ ဆက်လက်ပြောခဲ့ပါသေးတယ်။
အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။