သဉ္ဇာကတော့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ ကာရိုက်တာအတွက် အကောင်းဆုံး ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
Photo: Thinzar
ဝါဆိုမိုးဦးရဲ့ ညီမငယ်လေး သဉ္ဇာကတော့ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ သူမကို ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားတဲ့ ဇာတ်ကားတွေရှိတယ်လို့ Duwun ကို ပြောပြလာပါတယ်။
“ Covid ကာလအတွင်းမှာ သဉ္ဇာ့ကို ဇာတ်လမ်းတွဲရိုက်ဖို့တွေ လာကမ်းလှမ်းကြတာရှိတယ်။ ဝင်္ကဘာ လမ်းမများကတော့ Covid မဖြစ်ခင်ကတည်းက ကမ်းလှမ်းခံရတာပါ။ နောက်ထပ် ထုတ်လုပ်ရေး တစ်ခုကလည်း ဇာတ်လမ်းတွဲရိုက်ဖို့အတွက်လာကမ်းလှမ်းထားတာ ရှိတယ်။ ဇွန်၊ သြဂုတ်လောက်မှာ ရိုက်မယ့် ဇာတ်လမ်းတွဲ နောက်တစ်ခုလည်း လာကမ်းလှမ်းထားတာတစ်ခု ထပ်ရှိပါသေးတယ်။ ဇာတ်ညွှန်းကတော့ ပြောပြလို့ မရသေးပါဘူး” လို့ သူက ဆိုပါတယ်။
Photo: Thinzar
Covid ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးသွားမှာဖြစ်လို့ အိမ်မှာနေရင်း ကာရိုက်တာအတွက် လေ့လာနေတယ်လို့လည်း သဉ္ဇာက ပြောပါတယ်။
“ Stay Home ကာလမှာလည်း သဉ္ဇာက အိမ်မှာပဲ နေတာများတော့ ဇာတ်လမ်းတွဲအတွက် ဇာတ်ညွှန်းတွေ တစ်အုပ်ပြီးတစ်အုပ် ဖတ်နေပါတယ်။ အပိုင်းတွေကလည်း များသလို စာအုပ်တွေလည်း များတော့ ဒါလေးတွေကိုပဲ သေချာ ဖတ်ဖြစ်နေတယ်။ ကျောင်းကလည်း အားနေတာဆိုတော့ ကာရိုက်တာအတွက် လေ့လာနေတာပေါ့” လို့ဆိုပါတယ်။
Photo: Thinzar
သဉ္ဇာဟာ သူမရဲ့ အနုပညာအရည်အချင်းတွေကို ပြသခွင့်ရတော့မှာဖြစ်လို့ အရမ်းဝမ်းသာနေမိတယ်လို့ ဆိုပါတယ်။
“ လာကမ်းလှမ်းကြတာ တကယ်ကို ပျော်ရပါတယ်။ ပရိသတ်တွေ အားပေးကြလို့ သဉ္ဇာ အခုလို အနုပညာလမ်းကြောင်းပေါ်မှာ မားမားမတ်မတ် ရပ်တည်လာရတာပါ။ ဒါကြောင့် ပရိသတ်တွေကိုလည်း ကျေးဇူးအရမ်းတင်တယ်။ သဉ္ဇာ့ကိုလည်း ယုံယုံကြည်ကြည်နဲ့ လာကမ်းလှမ်းကြတဲ့ ကုမ္မဏီတွေ၊ ထုတ်လုပ်သူတွေကိုလည်း တကယ်ကို ကျေးဇူးတင်ရပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။
Photo: Thinzar
သဉ္ဇာ(Thinzar) ကိုတော့ ဝါဆိုမိုးဦးက ဖေ့စ်ဘွတ်ပေါ်မှာ ညီမလေးအရင်းလေးပါဆိုပြီးတော့ မိတ်ဆက်ပေးလိုက်ကတည်းက ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ သူမက လက်ရှိမှာ တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူဖြစ်လို့နေပါပြီ။ ပညာရေးမှာလည်း ကြိုးစားနေသူဖြစ်သလို အနုပညာလှုပ်ရှားမှုတွေလည်း မကြာခဏ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးလည်းဖြစ်သလို ဘာဘီရုပ်လေးနဲ့ တူတဲ့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အလှအပတွေကြောင့်လည်း ယောကျ်ားလေး ပရိသတ်တွေက ပိုတိုးလို့ အားပေးလာကြတာဖြစ်ပါတယ်။