မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းနဲ့ အတူတူရှိနေတဲ့ ဓာတ်ပုံ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့မယ့်သတင်းတွေက ပိုမိုပြင်းထန်လာခဲ့ပြီဖြစ်ကြောင်း Foxsportsasia ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အပြောင်းအရွှေ့ဈေးကွက်က ပိတ်သွားခဲ့ပြီဖြစ်ပေမယ့် ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့သတင်းဟာ အသက်ဝင်နေဆဲဖြစ်ပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်မီ ကောလာဟလတွေကို ပိုမိုခိုင်မာစေတဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
လာမယ့်အောက်တိုဘာလ ၂၀ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ခြေချင်းဝတ်ဒဏ်ရာကြောင့် လွဲချော်မယ့် ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာပြီး ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ချင်နေတဲ့ကစားသမားဖြစ်ပါတယ်။
ပေါ့ဂ်ဘာဟာ ယူအေအီးနိုင်ငံမှာ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ဓာတ်ပုံ ပေါ်ထွက်လာခဲ့ပြီးနောက် ဘာနေဗျူးကို ပြောင်းရွှေ့မယ့်ကိစ္စဟာ အနီးကပ်ဆုံး အခြေအနေကို ရောက်လာခဲ့ပြီလို့ ယူဆရမှာဖြစ်ပါတယ်။
ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလကတည်းက အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်ခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းကရော၊ အသင်းဟောင်း ဂျူဗင်တပ်အသင်းကပါ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ယူနိုက်တက်က သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ ကြောင့် အပြောင်းအရွှေ့အမှန်တကယ် မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပေါ့ဂ်ဘာဟာ ဒူဘိုင်းမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ကြိုးပမ်းနေချိန်အတွင်း ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေကို အရှိန်မြှင့်ပေးလိုက်တာဖြစ်ပါတယ်။