တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ဒီဘာလာကို နောက်ထပ်ကမ်းလှမ်းမှုအသစ် ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ Mirror ရဲ့သတင်းအရ သိရပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘာလာကို ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် သဘောတူညီမှုမရရှိခဲ့တာဖြစ်ပါတယ်။ စပါးအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ဒီဘာလာရဲ့ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိခဲ့ပေမယ့် ဒီဘာလာရဲ့လစာနဲ့ ကော်မရှင်ခတွေကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း Daily Star ရဲ့သတင်းအရ တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ ပိုချက်တီနိုက အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့်ကို ခေါ်ယူလိုနေဆဲဖြစ်တယ်လို့ သိရပြီး ကမ်းလှမ်းမှုအသစ် ထပ်မံပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပိုချက်တီနိုဟာ ယခုရာသီကုန်မှာ ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်ကို ဆုံးရှုံးရမယ့်အရေးနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး ဒိန်းမတ်လက်ရွေးစင်ကြယ်ပွင့်ဟာ ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ဒါပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ အဲရစ်ဆင်ကို အလဟဿလက်လွှတ်မဆုံးရှုံးရအောင် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဈေးလျှော့ရောင်းထုတ်နိုင်တဲ့အခွင့်အရေး ရှိနေသေးတာဖြစ်ပါတယ်။
အဲရစ်ဆင်ရဲ့အပြောင်းအရွှေ့ဟာ ဒီဘာလာအတွက် တော့တင်ဟမ်ဟော့စပါးအသင်းလူစာရင်းမှာ တစ်နေရာ ရရှိစေမှာဖြစ်ပြီး ဒီဘာလာဟာ ယခုရာသီ ဂျူဗင်တပ်အသင်းရဲ့ စီးရီးအေအဖွင့်ပွဲ ၂ ပွဲမှာ တစ်ပွဲသာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။