Facebook အတွင်းရေးတွေကို မီဒီယာတွေဆီ သတင်းပေးခဲ့တဲ့ ကုမ္ပဏီဝန်ထမ်းဟောင်းက မတ်ခ်ဇူကာဘတ်ခ်ကို ရာထူးက ဆင်းဖို့ ပြောလိုက်ပါတယ်။
သတင်းပေး ဖရန့်စ်ဟော်ဂန်က သူမရဲ့ အလုပ်ရှင်ဟောင်းဖြစ်သူ မတ်ခ်ဇူကာဘတ်ကို ကုမ္ပဏီ Rebrand သစ်လုပ်ဖို့ထက် အပြောင်းအလဲလုပ်ပြီး ရာထူးက ဆင်းပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
"သူ (မတ်ခ်ဇူကာဘတ်) သာ CEO ရာထူးမှာ ဆက်ရှိနေရင် ကုမ္ပဏီအနေနဲ့ အပြောင်းအလဲဖြစ်စရာမရှိဘူးလို့ ထင်တယ်"လို့ ဖရန့်စ်ဟော်ဂန်က ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမှာ ကျင်းပတဲ့ Web Summit အဖွင့်ညမှာ ပြောသွားခဲ့တာပါ။

Photo: Toronto Sun
ဖရန့်စ်ဟော်ဂန်ဟာ Facebook ရဲ့ Civic Integrity Group မှာ ထုတ်ကုန်မန်နေဂျာအဖြစ် အလုပ်ဝင်ခဲ့ပြီး ၂၀၂၁ မှာ အဖွဲ့ဖျက်သိမ်းပြီးနောက် ကုမ္ပဏီကနေ အလုပ်ထွက်ခဲ့သူ ဖြစ်ပါတယ်။ ဒေတာသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဖရန့်စ်ဟော်ဂန်ဟာ CBS News ရဲ့ 60 Minutes အစီအစဉ်နဲ့ အင်တာဗျူးမှာ Facebook ဟာ အသုံးပြုသူဘေးကင်းရေးထက် ငွေကြေးအကျိုးအမြတ်ကို ပိုကြည့်တယ်လို့ ဖွင့်ချခဲ့သူလည်း ဖြစ်ပါတယ်။
လစ္စဘွန်း Web Summit မှာ အခုလို ဇူကာဘတ် ရာထူးက နှုတ်ထွက်ဖို့ သူမက ပြောခဲ့တာပါ။ "ဒါက တခြားတစ်ယောက်အတွက် ကုမ္ပဏီကို ဦးစီးဖို့ အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါတယ်။ Facebook ကုမ္ပဏီဟာ ဘေးကင်းရေးကို ဦးစားပေးချင်တဲ့ တစ်ယောက်ဦးစီးရင် ပိုပြီးအားကောင်းသွားပါလိမ့်မယ်" လို့ ဟော်ဂန်က ပြောပါတယ်။
လူမှုကွန်ရက်သုံးစွဲသူ သန်း ၃၀၀၀ နီးပါး ရှိတဲ့ Facebook ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ ကုမ္ပဏီလုပ်ငန်းစုနာမည်ကို Meta အဖြစ် ပြောင်းလိုက်ပြီး Metaverse တည်ဆောက်ရေးပေါ် အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။ Facebook ကုမ္ပဏီ Rebrand လုပ်တဲ့အပေါ် ဟော်ဂန်က မှတ်ချက်ပေးရာမှာ "နာမည်ပြောင်းလိုက်ရုံနဲ့ အခုဖြစ်နေတဲ့ လုံခြုံရေးပြဿနာတွေ ပြေလည်စရာအကြောင်းမရှိဘူး"လို့ ပြောခဲ့ပါတယ်။
Photo: Sky News
ကုမ္ပဏီရဲ့ လူမှုကွန်ရက် ဝန်ဆောင်မှုမူဝါဒအပေါ် ဥပဒေပြုအဖွဲ့အစည်းတွေနဲ့ စည်းကမ်းထိန်းသိမ်းရေးဌာနတွေရဲ့ ဝေဖန်မှု ထွက်ပေါ်လာချိန်မှာ ကုမ္ပဏီရဲ့ ကော်ပိုရိတ်နာမည်ကို Facebook ကနေ Meta အဖြစ် ပြောင်းလဲလိုက်တာပါ။ ဟော်ဂန်ကတော့ Facebook အနေနဲ့ ကုမ္ပဏီရဲ့ Algorithm တွေအပေါ် ပြန်မစီစစ်ရင် တစ်ကမ္ဘာလုံးနောက်ထပ်အကြမ်းဖက်မှုတွေကို မီးလောင်ရာလေပင့်ပေးနေမယ်လို့ ဗြိတိန်နဲ့ အမေရိကန်ဥပဒေရေးဆွဲသူတွေကို သတိပေးပြောကြားထားပါတယ်။