အာဆင်နယ်ကတော့ မြောက်လန်ဒန်ဒါဘီပွဲစဥ်မှာ စပါးကို အကောင်းဆုံး ခြေစွမ်းပြပြီး အနိုင်ယူခဲ့ပြန်ပါတယ်။ ယူနိုက်တက်ကို ရှုံးခဲ့တာကြောင့် နောက်ထပ်အသင်းကြီးဖြစ်တဲ့ စပါးနဲ့ ထိပ်တိုက်တွေ့ချိန်မှာ အာဆင်နယ်တို့ ဘယ်လိုရင်ဆိုင်မလဲ ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပြီး အာဆင်နယ်က စိန်ခေါ်မှုတွေကို အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်က ဇင်ချန်ကိုလည်း ပါဝင်လာခဲ့ပြီး ဂျီးဆပ်စ်၊ မာတီနယ်လီ၊ ဆာကာ၊ ချာကာ၊ ပါတေးတို့နဲ့ လူစုံတက်စုံ ပါဝင်ခဲ့ပါတယ်။ စပါးကလည်း တိုက်စစ်မှာ ဆွန်ဟောင်မင်၊ ဟယ်ရီကိန်း၊ ရစ်ချာလီဆန်တို့ ပွဲထွက်ခဲ့ပြီး ကူလူဆက်ဗ်စကီးကတော့ အရန်ခုံမှာပဲရှိနေခဲ့ပါတယ်။ ပွဲစတာနဲ့ နှစ်သင်းလုံးရဲ့ ကစားပုံက မြိုင်ဆိုင်ခဲ့ပြီး ရစ်ချာလီဆန်ရဲ့ အပိုင်အခွင့်အရေးတကြိမ်ကို ရမ်စ်ဒေးလ် ကာကွယ်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ပါတေးက ဧရိယာအပြင်ကနေ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးတိုက်စစ်က ရစ်ချာလီဆန်ကို ထိန်းချုပ်ပုံမသေသပ်ခဲ့တာကြောင့် အာဆင်နယ်တို့ ပင်နယ်တီပေးလိုက်ရပြီး ဟယ်ရီကိန်းက ကန်သွင်းယူခဲ့ပါတယ်။ ပထမပိုင်းမှာတော့ တဂိုးစီသရေရလဒ်ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်းမှာ အာဆင်နယ်တို့ အနိုင်ဂိုးတွေ ထပ်မံရရှိခဲ့ပါတယ်။
ဆာကာရဲ့ ကန်ချက်ကို လိုရစ်အဆင့်ဆင့်ဖမ်းဖို့ ကြိုးစားခဲ့ပေမယ့် အမှားပြုလုပ်မိခဲ့ပြီး ဂျီးဆပ်စ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မာတီနယ်လီကို အီမာဆင်ရွိုင်ရယ် ရည်ရွယ်ချက်ရှိရှိ လူချခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ထိခဲ့ပြီး အာဆင်နယ်တို့ တယောက်အသာရခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စပါးတို့ အာဆင်နယ်ကို ဘယ်လိုမှမယှဥ်နိုင်တော့ပါဘူး။
အာဆင်နယ်အတွက် အနိုင်သေချာစေမယ့်ဂိုးကို ချာကာက မာတီနယ်လီရဲ့ ရုန်းအားကတဆင့် သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ အာဆင်နယ်တို့ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်နဲ့ တပွဲတည်းရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲတွေအားလုံးကို အနိုင်ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။