တပ်မတော်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့ တောင်းဆိုတော့မှာမဟုတ်ဘူးလို့ (၂၀၂၀) ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ဒီကနေ့ နိုဝင်ဘာ (၂၆) ရက်မှာပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဆွေပါတီများ ပူးပေါင်းသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
ယခင်က ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပဖို့ တောင်းဆိုတဲ့သတင်းစာရှင်းလင်းပွဲက ရန်ကုန်တိုင်းအဆင့် ပြည်ခိုင်ဖြိုးပါတီကဦးစီးပြုလုပ်တာဖြစ်ပြီး ဒီကနေ့ သတင်းစာရှင်းလင်းပွဲကတော့ ပါတီဌာနချုပ်တွေ စုပေါင်းပြုလုပ်တဲ့ ပွဲဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေရဲ့ သဘောထားက ရွေးကောက်ပွဲအသစ်ပြန်လည်ကျင်းပပေးဖို့ တောင်းဆိုမှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဒုဥက္ကဌ ဦးသန်းထွန်းက ပြောပါတယ်။
“ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေသဘောထားက ရွေးကောက်ပွဲအသစ်ကို တပ်မတော်က ဦးစီးကျင်းပပေးဖို့ မတောင်းဆိုပါဘူး။ ရှုံးသွားတဲ့ နေရာတွေမှာ အနိုင်ပြန်လိုချင်တဲ့ အဓိကရည်ရွယ်ချက်မဟုတ်ဘူး။အခု (၂၀၂၀) မှာ ကျင်းပသွားတဲ့ ရွေးကောက်ပွဲက မဲလိမ်မှု၊ မဲသမာမှု၊ မဲခိုးမှု၊ ဥပဒေကျုးလွန်မှု၊အခြေခံဥပဒေတွေ ဖောက်ဖျက်မှု ဒီလို အနိဌာရုံတွေ (၂၀၂၅) ရွေးကောက်ပွဲမှာ ပြန်လည်မဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်"”လို့ ဦးသန်းထွန်းက ဆိုပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲက ရွေးကောက်ပွဲအတွင်းဖြစ်ပျက်ခဲ့တာတွေကို တင်ပြခြင်းသာဖြစ်ပြီး တပ်မတော်နဲ့ မသက်ဆိုင်ကြောင်းကိုလည်း ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီမှ ဥက္ကဌ ဦးသိန်းကြည်ကလည်း ဆက်ပြောပါတယ်။
“ နိုင်ငံရေးပါတီနဲ့ တပ်မတော်ရဲ့ လမ်းကြောင်းက တပ်မတော်က သူ့တာဝန်သူ၊ သူ့အလုပ်သူ ထမ်းဆောင်နေတာပါ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့လုပ်စရာရှိတာလုပ်နေတာပါ။” လို့လည်း ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ ဦးခင်ရီကလည်း သူတို့ရဲ့ သဘောထားကို ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲရလဒ်ကန့်ကွက်ရာမှာ ပါဝင်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဌ သရေစည်သူ ဦးစိုးမောင်ကလည်း “ အခုရွေးကောက်ပွဲရလဒ်ကိုတော့ လုံးဝလက်မခံပါဘူး။ ဆက်လုပ်နေတဲ့ကိစ္စတွေပေါ်မူတည်ပြီး အသစ်ရွေးမလား၊မရွေးဘူးလားဆိုတာ အချိန်စောင့်ကြည့်ရဦးမယ်” လို့ လည်း ဆိုပါတယ်။
လက်ရှိ ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေမှာ ရလဒ်ပြောင်းတာ၊မပြောင်းတာထက် ပွင့်လင်းမြင်သာမှုမရှိတာကို ပြောချင်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကသာ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ခဲ့မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ရလဒ်က အပြောင်းအလဲရှိနိုင်တယ်လို့လည်း ပြည်ခိုင်ဖြိုး ဒုဥက္ကဌ ဦးခင်ရီက ပြောပါတယ်။
တောင်းဆိုကန့်ကွက်မှုတွေကိုလည်း ဥပဒေလမ်းကြောင်းအရ အဆင့်ဆင့်လုပ်ဆောင်သွားမှာဖြစ်ပြီး အချိန်ဘယ်လောက်ပဲ ကြာကြာ ဆုံးခန်းတိုင်အောင် ဆက်လုပ်သွားမယ်လို့လည်း ပြည်ခိုင်ဖြိုးပါတီက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Share