အိန္ဒိယမှာ COVID-19 ကူးစက်မှုတိုက်ဖျက်ရန် နိုင်ငံရဲ့လူဦးရေ ၁.၃ ဘီလီယံကို အသွားအလာ လုံးဝ ပိတ်ပင်ပြီး lockdown လုပ်ထားမှု မတ်လ ၂၄ ရက် ညသန်းခေါင်အချိန်မှာ စတင်သက်ရောက်ခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
အိန္ဒိယတစ်နိုင်ငံလုံးကို သီတင်းသုံးပတ်ကြာ အသွားအလာ လုံးဝပိတ်ပင်ပြီး lockdown လုပ်ထားမယ်လို့ ဝန်ကြီးချုပ်မိုဒီက ပြောခဲ့ပါတယ်။ "ဒီနေ့ ညသန်းခေါင်းကစပြီး တစ်နိုင်ငံလုံးကို lockdown ချထားမှာဖြစ်ပါတယ်၊ လုံးဝ lockdown လုပ်ထားမှာပါ" လို့ မိုဒီက ရုပ်မြင်သံကြားမှတစ်ဆင့် နိုင်ငံကို မိန့်ခွန်းပြောစဥ် ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အိန္ဒိယကို ကယ်တင်ဖို့၊ နိုင်ငံသားတိုင်း၊ သင်နဲ့ သင့်မိသားစုကို ကယ်တင်ဖို့ ... လမ်းတိုင်း၊ ရပ်ကွက်တိုင်းကို အဝင်အထွက်ပိတ်ပြီး lockdown လုပ်ထားပါမယ်" လို့ မိုဒီက ပြောပါတယ်။ လာမယ့် မေလလယ်အရောက်မှာ အိန္ဒိယလူဦးရေ တစ်သန်းကျော်အထိ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသီတွေက သတိပေးထားပါတယ်။
သုတေသီတွေရဲ့ ထိုသတိပေးချက်က ဝန်ကြီးချုပ်မိုဒီ အစိုးရအတွက် ဗိုင်းရပ်စ်တိုက်ဖျက်ရေး လေယာဥ်နဲ့ ရထားခရီးစဥ်များ၊ စီးပွားရေးလုပ်ငန်းများနဲ့ ကျောင်းများ အားလုံးကို ပိတ်ပင်ရပ်ဆိုင်းထားရန် အလျင်အမြန် လုပ်ဆောင်လာစေခဲ့ပါတယ်။ မတ်လ ၂၄ ရက် ညပိုင်းအထိ တရားဝင် စာရင်းတွေအရ အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၅၁၉ ဦး၊ သေဆုံးသူ ၁၀ ဦးနဲ့ ပြန်လည်သက်သာလာသူ ၄၀ ဦးရှိခဲ့ပါတယ်။
အိန္ဒိယ မြို့ကြီးများမှာ ဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိထားပါတယ်။ အိန္ဒိယမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဥ် ဆိုက်ရောက်မှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။ တစ်နိုင်ငံလုံးကို အသွားအလာ လုံးဝ ပိတ်ပင်မှုမပြလုပ်မီ မတ်လ ၂၂ ရက်နေ့ကလည်း အိန္ဒိယမှာ မနက် ၇ နာရီမှ ည ၉ နာရီအထိ တစ်နေ့တာ အိမ်ပြင်မထွက်ရန် ညွှန်ကြားချက်ထုတ်ခဲ့သေးတယ်လို့ သိရပါတယ်။
(Photo: Reuters)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၄ ရက် ညပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၉၇,၆၅၁ ဦးနဲ့ သေဆုံးသူ ၇,၃၄၂ ဦးရှိပြီး ပြန်လည်သက်သာလာသူ အရေအတွက်မှာ ၁၀၃,၃၃၄ ဦးဖြစ်ကြောင်း သိရပါတယ်။
Source: Reuters