ကင်မ်ဂျုံအန်ရဲ့ ပြုံးယမ်မှ ဗီယက်နမ် ရထားခရီးစဉ်ဟာ မိုင်ပေါင်း ၂၅၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန်အတွက် ၎င်းရဲ့ ရထားခရီးရှည်ကို စတင်ခဲ့ပြီလို့ ဆိုပါတယ်။

(၂၀၁၈ ခုနှစ်က ဘေဂျင်းမှာတွေ့ရ့သည့် ကင်မ်ဂျုံအန် စီးနင်းသည့် ရထား) (Photo: Reuters)

ကင်မ်ဂျုံအန်ရဲ့ ရထားဟာ ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) က ပြုံးယမ်းကနေ စတင်ထွက်ခွာလာခဲ့ပြီး ဒေသစံတော်ချိန် ည ၉ နာရီကျော်မှာ တရုတ်နယ်စပ်မြို့ Dandong ကို ရောက်ရှိလာခဲ့ပါတယ်။ ထိုမှတစ်ဆင့် ကင်မ်ဂျုံအန် လိုက်ပါစီးနင်းလာတဲ့ ရထားက တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ယနေ့ (ဖေဖေါ်ဝါရီ ၂၄ ရက်) မနက်ပိုင်းမှာ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။



အစောပိုင်းမှာ ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေအရ ကင်မ်ဂျုံအန်က တရုတ်ကနေ ဗီယက်နမ်နယ်စပ်ရှိ Dong Dang ဘူတာရုံသို့ ဆက်လက် ထွက်ခွာမယ်လို့ သိထားရပါတယ်။ ဗီယက်နမ်နယ်စပ် ဘူတာရုံကနေ အမေရိကန်သမ္မတထရန့်နဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားမယ့် ဟနွိုင်းမြို့ကိုတော့ ကားဖြင့် ဆက်လက်သွားရောက်မယ်လို့ ဆိုပါတယ်။

(ပြုံးယမ်းမှာ ရထားခရီးစတင်ခဲ့သည့် ကင်မ်ဂျုံအန်) (Photo: AFP/KCNA via KNS)

နာရီ ၆၀ ကြာ ခရီးရှည်နဲ့ ဟနွိုင်းထိပ်သီးတွေ့ဆုံမှု

ကင်မ်ဂျုံအန်ရဲ့ ပြုံးယမ်မှ ဗီယက်နမ် ရထားခရီးစဉ်ဟာ မိုင်ပေါင်း ၂၅၀၀ နီးပါးရှိပြီး နာရီ ၆၀ ကြာမြင့်မယ်လို့လည်း သိရပါတယ်။ ကင်မ်ဂျုံအန်နဲ့ ထရန့်တို့ဟာ ဖေဖေါ်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားတာ ဖြစ်ပါတယ်။ ကင်မ်ဂျုံအန်နဲ့ ထရန့်တို့ဟာ ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။

(ထိပ်သီးဆွေးနွေးပွဲအတွက် ဟနွိုင်းမှာ ပြင်ဆင်ထားမှုတစ်ခု) (Photo: AFP)

ထိုစဉ်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဦးတည်လုပ်ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေ ရရှိထားခဲ့ပါတယ်။ သို့သော် အဆိုပါ သဘောတူညီချက်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ထိုကြောင့်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့ကို ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

(ထရန်နဲ့ ကင်မ်ဂျုံအန်တို့ စင်ကာပူမှာ တွေ့ဆုံခဲ့ကြစဉ်) (Photo: AP)

ရကောက် ရထားကြီး ပျော်ပျော်စီးကြတဲ့ ကင်မ်မျိုးဆက်များ

ကင်မ်မျိုးဆက် မြောက်ကိုရီးယားခေါင်းဆောင်တွေဟာ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြားခရီးစဉ်တွေကို ရထားစီးသွားရောက်တဲ့ အလေ့အထိရှိခဲ့ကြပါတယ်။ ကင်မ်မိသားစု အစဉ်အဆက်ရဲ့ ရထားစီး ခရီးသွားတဲ့ အလေ့အထကို ကင်မ်ဂျုံအန်ရဲ့ အဘိုးဖြစ်သူနဲ့ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်မ်အီလ်ဆွန်းက စတင်ခဲ့ပါတယ်။

(အရှေ့ဥရောပကို ရထားစီး ခရီးသွားခဲ့သည့် ကင်မ်အီလ်ဆွန်း) (Photo: KCNA/KNS/AP)

ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်နဲ့ အဘိုးဖြစ်သူ ကင်မ်အီလ်ဆွန်းတို့ လက်ထက်မှာလည်း ပြည်တွင်းနဲ့ နိုင်ငံရပ်ခြားခရီးစဉ်တွေကို ရထားစီးသွားခဲ့ကြပါတယ်။ ကင်မ်အီလ်ဆွန်းက ၁၉၈၄ ခုနှစ်မှာ အရှေ့ဥရောပကို ၎င်းရဲ့ အရှည်ဆုံး ရထားခရီးစဉ်အဖြစ် စီးနင်းသွားရောက်ခဲ့ပါတယ်။

ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်ကလည်း ၂၀၁၁ ခုနှစ်မှာ တရုတ်နိုင်ငံကို ရထားစီးသွားခဲ့ရာ ၎င်းရဲ့ခရီးစဉ်ဟာ မိုင်ပေါင်း ၃၇၀၀ ကျော်အထိရှိခဲ့ပြီး ဘေဂျင်း၊ နန်ဂျင်းနဲ့ ရှန်ဟိုင်း အပါအဝင် နေရာတွေကို ရောက်ရှိခဲ့ပါတယ်။

(ရထားစီးခရီးသွားလေ့ရှိသည့် ကင်မ်ဂျုံအီလ်) (Photo: AFP)

ကင်မ်ဂျုံအီလ်က ၂၀၀၁ ခုနှစ်မှာလည်း ရုရှားနိုင်ငံ မော်စကိုမြို့ကို ရထားစီးပြီး သွားရောက်ခဲ့ဖူးပါတယ်။ ကင်မ်မျိုးဆက် မြောက်ကိုရီးယားခေါင်းဆောင် သုံးဦးအနက် အဘိုးဖြစ်သူ ကင်မ်အီလ်ဆွန်းက နိုင်ငံရပ်ခြားခရီးစဉ် အကြိမ်ရေအများဆုံး သွားရောက်ခဲ့ဖူးသူဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ ယမန်နှစ်အတွင်းနဲ့ ယခုနှစ် ဇန်နဝါရီလမှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို သွားရောက်ခဲ့စဉ်ကလည်း ရထားခရီးစဉ်ကို အသုံးပြုခဲ့ပါတယ်။ ယမန်နှစ်က တရုတ်ကိုသွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာခဲ့ပြီးနောက်ပိုင်း ကင်မ်ဂျုံအန်ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်လည်း ဖြစ်ခဲ့ပါတယ်။

ကင်မ်ဂျုံအန်နဲ့ ညီအစ်ကို မောင်နှမများ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဆွစ်ဇာလန်နိုင်ငံမှာ ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။ ကင်မ်ဂျုံအန်က International School of Berne အပါအဝင် ဆွစ်ဇာလန်ကျောင်းတွေမှာ ၎င်းရဲ့ ညီအစ်ကို မောင်နှမတွေနဲ့အတူ ပညာသင်ကြားခဲ့ပါတယ်။ ဆွစ်ဇာလန်မှာ ပညာသင်ကြားနေစဉ် ၎င်းတို့ဟာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံကိုလည်း အလည်အပတ် သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(ကင်မ်မိသားစု မျိုးရိုးစဉ်ဆက်) (Infographic: Reuters)

အတည်မပြုနိုင်တဲ့ တောင်ကိုရီးယားသတင်းတွေအရ ကင်မ်ဂျုံအန်နဲ့ ကင်မ်ဂျုံချိုလ်တို့ ညီအစ်ကိုနှစ်ဦးဟာ ကလေးဘဝအရွယ် ၁၉၉၁ ခုနှစ်က ဂျပန်နိုင်ငံကို ပတ်စ်ပို့အတုများဖြင့် ဝင်ရောက်ခဲ့ပြီး Tokyo Disneyland သို့ သွားရောက်လည်ပတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကင်မ်ညီအစ်ကိုများအနက် အကြီးဆုံးဖြစ်သူ ကင်မ်ဂျုံနမ်ကတော့ ၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ဓာတုအဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ထိုလုပ်ကြံမှုကို မြောက်ကိုရီးယားအစိုးရက နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့ကြောင်း ခန့်မှန်းပြောဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ကင်မ်ဂျုံနမ်ဟာလည်း ၂၀၀၁ ခုနှစ်မှာ ဂျပန်နိုင်ငံကို ဒီုမီနီကန်ရီပတ်ဘလစ်နိုင်ငံ ပတ်စ်ပို့အသုံးပြုပြီး ဝင်ရောက်ရန်ကြိုးပမ်းခဲ့ဖူးပေမဲ့ ဂျပန် လူဝင်မှုကြီးကြပ်ရေးက ဟန့်ထားဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: AFP, WSJ, BBC, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က