အလားအလာရှိတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေးကို လူတွေမှာစမ်းသပ်မှု စတင်နေပြီဖြစ်ပါတယ်။

ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer တို့ ပူးပေါင်းထုတ်လုပ်ထားပြီး အလားအလာရှိတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေးကို လူတွေမှာစမ်းသပ်မှု စတင်နေပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းအရောက်မှာ လူဦးရေ သန်းနဲ့ချီ ကာကွယ်ဆေးရရှိနိုင်မယ်လို့ ကုမ္ပဏီနှစ်ခုက ပြောပါတယ်။

(Photo: Reuters)

Pfizer ရဲ့ အဆိုအရ လာမယ့် သီတင်းပတ်အတွင်း အမေရိကန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို စတင်စမ်းသပ်သွားမှာဖြစ်ပြီး အရေးပေါ်သုံးရန်အတွက် လာမယ့် ဆောင်းဦးရာသီမှာ အသင့်ဖြစ်နိုင်ကြောင်း Wall Street Journal က အင်္ဂါနေ့ (ဧပြီ ၂၈ ရက်) မှာ ဖော်ပြခဲ့ပါတယ်။



ဂျာမနီနိုင်ငံ မိန့်ဇ်မြို့အခြေစိုက် BioNTech ကုမ္ပဏီက BNT162 လို့ အမည်ပေးထားတဲ့

COVID-19 ကာကွယ်ဆေးကို ဧပြီ ၂၃ ရက်နေ့ကတည်းက ဂျာမနီမှာ ထိုးနှံစမ်းသပ်မှု စတင်ခဲ့ကြောင်းလည်း သိရပါတယ်။ လက်ရှိအချိန်အထိတော့ BioNTech နဲ့ Pfizer တို့ရဲ့ COVID-19 ကာကွယ်ဆေး စမ်းသပ်မှုရလဒ်တွေကို မသိရသေးပါဘူး။

(Photo: EPA-EFE)

BioNTech က အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြားရှိ ကျန်းမာရေးကောင်းမွန်ပြီး မိမိတို့သဘောဆန္ဒအလျောက် အစမ်းသပ်ခံသူ ၂၀၀ ခန့်ကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ ပြောထားပါတယ်။ BioNTech နဲ့ Pfizer တို့က BNT162 ကာကွယ်ဆေးကို အမေရိကန်မှာ စမ်းသပ်နိုင်ရန် FDA ထံမှ ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်နေပြီး မကြာမီ ရရှိသွားမယ်လို့ ကုမ္ပဏီနှစ်ခုရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံမှာတော့ လူတွေကို BNT162 ကာကွယ်ဆေး ထိုးနှံစမ်းသပ်ရန် ဧပြီ ၂၂ ရက်နေ့က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်ကုန်အရောက်မှာ COVID-19 ကာကွယ်ဆေး ၁၀ သန်းမှ သန်း ၂၀ ကြား ထုတ်လုပ်သွားရန် ရည်ရွယ်ထားတယ်လို့ Pfizer က ဆိုပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း COVID-19 ကာကွယ်ဆေးတွေနဲ့ ဆက်စပ်တဲ့ အခြား သတင်းတစ်ရပ်အရ ဗြိတိန်နိုင်ငံမှာ လူတွေကို စတင်ထိုးနှံ စမ်းသပ်နေတဲ့ ChAdOx1 nCoV-19 ကာကွယ်ဆေး အမြောက်အမြားထုတ်လုပ်ရန် AstraZeneca ဆေးဝါးကုမ္ပဏီက ဧပြီ ၃၀ ရက်နေ့မှာ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်မှာ စမ်းသပ်နေတဲ့ အဆိုပါ COVID-19 ကာကွယ်ဆေးကို အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ထုတ်လုပ်ခဲ့ကြတာဖြစ်ပြီး ဧပြီ ၂၃ ရက်နေ့က လူတွေမှာ ထိုးနှံစမ်းသပ်မှု စတင်ခဲ့ပါတယ်

(Photo: BioSpace)

ယနေ့ (မေ ၁ ရက်) မနက်အစောပိုင်း စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ခံရသူ ၃ သန်းကျော်၊ သေဆုံးသူ ၂ သိန်းကျော်နဲ့ ပြန်လည်သက်သာသူ ၁ သန်းကျော်ရှိခဲ့တဲ့ COVID-19 ကပ်ရောဂါအတွက် လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။ ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင်တွေ၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေကတော့ COVID-19 ကာကွယ်ဆေးနဲ့ ကုသဆေး ရရှိနိုင်ရန် အပတ်တကုတ် ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။

Source: CNN, Dail Mail, Reuters

Share

Loading Next Article...
က္က