ဘေးအန္တရာယ်ကင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုကြောင့် စမ်းသပ်ကုသမှုကို WHO က ရပ်ဆိုင်းထားလိုက်ပါတယ်။

COVID-19 လူနာတွေမှာ ငှက်ဖျားဆေးဖြင့် စမ်းသပ်ကုသနေခြင်းကို ဘေးအန္တရာယ်ကင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ရပ်ဆိုင်းလိုက်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က မေ ၂၅ ရက်မှာ ပြောပါတယ်။

(Photo: Reuters)

ဟိုက်ဒရိုကလိုရိုကွင်း (hydroxychloroquine) ငှက်ဖျားဆေးဟာ COVID-19 ရောဂါအတွက် ကုသဆေးဖြစ်နိုင်ကြောင်း အမေရကန်သမ္မတ ဒေါ်နယ်ထရန့်က ဧပြီလအစောပိုင်းမှ ညွှန်းဆိုခဲ့ပါတယ်။ ဒါ့အပြင် သမ္မတထရန့်က မေ ၁၈ ရက်နေ့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အဆိုပါ ငှက်ဖျားဆေးကို တစ်နေ့တစ်လုံး သောက်နေခဲ့တာ သီတင်းတစ်ပတ်ခွဲရှိပြီလို့ အံ့အားသင့်ဖွယ် လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ hydroxychloroquine ကို နှစ်ပတ်ကြာသောက်ပြီး ဆက်မသောက်တော့ဘူးလို့ ထရန့်က ဆိုပါတယ်။ 



hydroxychloroquine သို့မဟုတ် ကလိုရိုကွင်း (cloroquine) ငှက်ဖျားဆေးတွေဟာ COVID-19 လူနာတွေမှာ သေဆုံးမှုအန္တရာယ် မြင့်တက်စေခြင်းနဲ့ ဆက်နွယ်နေကြောင်း လေ့လာမှုရလဒ်ကို Lancet ဆေးပညာဂျာနယ်က ယခု ရက်ပိုင်းအတွင်း ဖော်ပြခဲ့ပါတယ်။ ယခုအခါ WHO ကလည်း ငှက်ဖျားဆေးဖြင့် COVID-19 လူနာတွေကို စမ်းသပ်ကုသမှုကို ရပ်ဆိုင်းလိုက်ပါတယ်။

(Photo: Reuters)

ဘေးကင်းစိတ်ချရမှု စောင့်ကြည့်အဖွဲ့က စမ်းသပ်မှု အချက်အလက်တွေကို သုံးသပ်နေစဥ်အတွင်း hydroxychloroquine ဖြင့် စမ်းသပ်ကုသမှုတွေကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း WHO အကြီးအကဲက ပြောပါတယ်။ 

ငှက်ဖျားဆေးကို ထောက်ခံတဲ့ ပြင်သစ်ဆရာဝန်

ထိုအတောအတွင်း ပြင်သစ်ဆရာဝန်တစ်ဦးကတော့ hydroxychloroquine နဲ့ cloroquine တို့က COVID-19 လူနာတွေ ပြန်လည်သက်သာလာစေရန် အကူအညီပေးနိုင်ကြောင်း ယုံကြည်ထားတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ ငှက်ဖျားဆေးက COVID-19 ကုသရေးမှာ အကျိုးမရှိကြောင်း သုတေသနရလဒ်က ဖော်ပြမှုကိုလည်း အဆိုပါ ဆရာဝန်က ပယ်ချခဲ့ကြောင်း သိရပါတယ်။

မာဆေးလ်မြို့အခြေစိုက် ပါမောက္ခ Didier Raoult က ငှက်ဖျားဆေးဟာ COVID-19 ကုသရာမှာ ထိရောက်တဲ့ အကူအညီ ဖြစ်စေတယ်လို့ ယုံကြည်ထားပါတယ်။ ၎င်းဟာ ပြင်သစ်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုအတွင်း ၎င်းရဲ့ အငြင်းပွားဖွယ်ရာ ဆေးကုသမှု ယုံကြည်ချက်တွေနဲ့အတူ နာမည်ကြီးလာသူလည်း ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ကျွမ်းကျင်သူတွေကို ထင်မြင်ယူဆချက်များ မေးမြန်းခဲ့စဥ် ပါမောက္ခ Didier Raoul လည်း ပါဝင်ခဲ့ပါတယ်။ ပါမောက္ခက hydroxychloroquine ငှက်ဖျားဆေးဟာ COVID-19 အတွက် အမှန်တစ်ကယ် ထိရောက်အကျိုးရှိကြောင်း အခိုင်အမာ ထောက်ခံခဲ့ကြောင်း သိရပါတယ်။ 

Source: Reuters, AFP

Share

Loading Next Article...
က္က