မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ပထမဆုံးအကြိမ် ထိပ်သီးတွေ့ဆုံခဲ့ကြပြီ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ရုရှားအရှေ့ဘက်စွန်းရှိ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဗလာဒီဗိုစတောခ်မြို့အနီး Russky ကျွန်းမှာ ယနေ့ (ဧပြီ ၂၅ ရက်) တွေ့ဆုံခဲ့ကြပါတယ်။
(Photo: AFP)
ထိပ်သီးဆွေးနွေးမှာ ပူတင်နဲ့ကင်မ်ဂျုံအန်တို့က နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ နျူကလီးယားလက်နက် အစီအစဉ်တွေကို အဆုံးသတ်စွန့်လွှတ်လိုက်ပါ ၎င်းအတွက် နိုင်ငံတကာ လုံခြုံရေးအာမခံချက်တွေရှိရန် လိုအပ်ကြောင်း ရုရှားသမ္မတပူတင်က ပြောပါတယ်။
ထိုသို့သော အာမခံချက်တွေကို နိုင်ငံစုံပါဝင်ရေးဆွဲတဲ့ မူဘောင်တစ်ခုမှာ ထည့်သွင်းကမ်းလှမ်းရန် လိုအပ်တယ်လို့လည်း ပူတင်က ကမ်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ယနေ့ ထိပ်သီးတွေ့ဆုံရာမှာ ကင်မ်ဂျုံအန်က ပွင့်ပွင့်လင်းလင်းနဲ့ ကိစ္စရပ်အားလုံးအပေါ် လွပ်လပ်စွာ ပြောဆိုဆွေးနွေးခဲ့တယ်လို့ ပူတင်ကဆိုပါတယ်။
(Photo: CGTN)
ရုရှားသမ္မတနန်းတော် Kremlin က ထုတ်ပြန်မှုအရ ခေါင်းဆောင်နှစ်ဦးဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ကင်မ်ဂျုံအန်ကတော့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ပြီးနောက် ရုရှားထံမှ ထောက်ခံမှုရရှိရန်လည်း ယခုထိပ်သီးဆွေးနွေးပွဲမှာ ကြိုးပမ်းခဲ့ပုံရတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ရဲ့ ဖေဖေါ်ဝါရီ ၂၇၊ ၂၈ ရက် ဟနွိုင်းထိပ်သီးဆွေးနွေးပွဲဟာ သဘောတူညီမှုမရရှိဘဲ ပြီးဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ ပူတင်နဲ့ ထိပ်သီးတွေ့ဆုံရန် ယမန်နေ့ (ဧပြီ ၂၄ ရက်) က ရုရှားကိုရောက်ရှိလာတဲ့ ကင်မ်ဂျုံအန်ကို ရုရှားအစိုးရ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။
ယမန်နေ့က ရုရှားနယ်စပ်ဘူတာရုံ ခါဆန်မှာ ခေတ္တရပ်နားခဲ့စဉ် သမ္မတပူတင်နဲ့တွေ့ဆုံရာမှာ အကျိုးရှိပြီး အောင်မြင်တဲ့ ဆုံးဖြတ်ချက်တွေကို မျှော်လင့်ထားကြောင်း ကင်မ်ဂျုံအန်က ပြောခဲ့ပါတယ်။ ယနေ့ ထိပ်သီးတွေ့ဆုံပွဲ စတင်ခဲ့ရာမှာ ရုရှားသမ္မတပူတင်က ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ လျော့ကျစေရန် လုပ်ဆောင်နေမှုတွေကို ထောက်ခံကြောင်းနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
(Photo: Alexander Zemlianichenko)
"မိတ်ဆွေ ရုရှားကို ဒီနေ့ လာရောက်ခဲ့တာက ကိုရီးယားကျွန်းဆွယ်ရဲ့ အခြေအနေကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ ကျွန်တော်တို့ ပိုမိုနားလည်နိုင်အောင် အကူအညီအဖြစ်စေမယ်လို့ ယုံကြည်ပါတယ်၊ ပြီးတော့ ရုရှားက ကိုရီးယားကျွန်းဆွယ်နဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေကို ထောက်ခံဖို့အတွက် လုပ်ဆောင်နိုင်ပါတယ်၊ နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေမှာလည်း ကျွန်တော်တို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့မှာ လုပ်စရာအများကြီးရှိပါတယ်" လို့ ပူတင်က ထိပ်သီးဆွေးနွေးပွဲ စတင်ချိန်မှာ ပြောခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။