ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းက ၎င်းရဲ့ ကာလရှည်ကြာ လက်တွဲဖော်အမျိုးသမီး စုသီတာကို လက်ထပ်လိုက်ပြီးနဲ့ မိဖုရားစုသီတာအဖြစ် တင်မြှောက်လိုက်ကြောင်း မေလ ၁ ရက်မှာ ကြေညာပါတယ်။
(Photo: Bureau of the Royal Household via AP)
ထိုင်းဘုရင်ရဲ့ ယခုကြေညာချက်ကို Royal Thai Government Gazette က ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၆၆ နှစ်အရွယ် ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်း (Maha Vajiralongkorn) က မေ ၄ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်သွားမယ့် ၎င်းရဲ့ တရားဝင်နန်းတက်ပွဲ အခမ်းအနားများ မတိုင်မီ စုသီတာ (Suthida) ကိုလက်ထပ်ပြီး မိဖုရားအဖြစ် တင်မြှောက်လိုက်ကြောင်း ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
(Photo: @SiniZeR/Twitter)
ဗာဂျီယာလောင်ကွန်းဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ဖခင်ဖြစ်သူ ဘုရင်ဘူမီဘော အဒူလ်ရာဒက်ဂျ် နတ်ရွာစံခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုင်းဘုရင်ဖြစ်လာခဲ့ပေမဲ့ လက်ရှိအချိန်အထိ တရားဝင် နန်းတက်ပွဲမကျင်းပရသေးပါဘူး။ ၎င်းရဲ့ဖခင် ထိုင်းဘုရင်ဘူမီဘောဟာ နှစ်ပေါင်း ၇၀ ကြာ ထီးနန်းစိုးစံခဲ့သူလည်း ဖြစ်ပါတယ်။
(Photo: AFP)
ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်း လက်ထပ်လိုက်ပြီး မိဖုရားတင်မြှောက်ခဲ့တဲ့ အသက် ၄၀ နှစ်အရွယ် စုသီတာဟာ ယခင်က ထိုင်းလေကြောင်းလိုင်း (Thai Airways) မှာ လေယာဉ်မယ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၄ ခုနှစ်မှာ ဗာဂျီယာလောင်ကွန်းက ၎င်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့မှာ လက်ထောက်တပ်မှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဗာဂျီယာလောင်ကွန်းနဲ့ စုသီတာတို့ ချစ်သူတွေဖြစ်နေခဲ့ကြကြောင်း သတင်းတွေလည်း ကာလရှည်ကြာ ထွက်ပေါ်နေခဲ့ပေမဲ့ ထိုင်းဘုရင့်နန်းတော်က ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးကို ယခင်က အတည်ပြုခဲ့ခြင်း မရှိပါဘူး။
(Photo: EPA)
၂၀၁၆ ခုနှစ်မှာတော့ စုသီတာကို ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ပေးခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ထိုင်းဘုရင်ရဲ့ ပုဂ္ဂိုလ်ရေး ကိုယ်ရံတော်တပ်ဖွဲ့မှာ လက်ထောက်တပ်မှူး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် စုသီတာကို ထိုင်းတော်ဝင်ဘွဲ့ထူးဖြစ်တဲ့ Than Phu Ying ခေါ် High Lady ဘွဲ့ကိုလည်း ပေးအပ်ခဲ့ကြောင်းသိရပါတယ်။ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းဟာ မိဖုရားစုသီတာနဲ့ လက်မထပ်မီ ယခင်က အိမ်ထောင်သုံးဆက် ရှိခဲ့ကြောင်းလည်းသိရပါတယ်။
Source: Reuters, Wikipedia, AFP