ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း (King Maha Vajiralongkorn, Rama X) နန်းတက်ပွဲအခမ်းအနားကို ယနေ့ (မေ ၄ ရက်) စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။
(Photo: Reuters)
ဟိန္ဓူနဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ရိုးရာဓလေ့များဖြင့် စီစဉ်ထားတဲ့ ထိုင်းဘုရင် နန်းတက်ပွဲအခမ်းအနားတွေကို သုံးရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဗာဂျီယာလောင်ကွန်းဟာ ၎င်းရဲ့ဖခင် ဘုရင်ဘူမီဘော ကွယ်လွန်ခဲ့ပြီးနောက် ထီးနန်းကိုဆက်ခံခဲ့ပြီး ၂ နှစ်အကြာမှာ နန်းတက်ပွဲကျင်းပတာလည်း ဖြစ်ပါတယ်။
နန်းတက်ပွဲကို မင်္ဂလာအချိန်အဖြစ် သတ်မှတ်ထားတဲ့ ယနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၉ မိနစ်မှာ စတင်ခဲ့ပါတယ်။ ဘုရင်ဗာဂျီယာလောင်ကွန်းကို ၁၇၈၂ ခုနှစ်မှာ စတင်စိုးစံခဲ့ကြတဲ့ Chakri မင်းဆက်ရဲ့ ၁၀ ဆက်မြောက် ရာမမင်း (Rama X) လည်း ဖြစ်လာပါတယ်။ ယနေ့ စတင်ခဲ့တဲ့ နန်းတက်ပွဲအခမ်းအနားမှာ အမြောက်များပစ်ဖောက် ဂုဏ်ပြုခြင်း၊ ခရုသင်းမှုတ်ခြင်းနဲ့ ဗုဒ္ဓရဟန်းတော်တွေက ဂါထာတော်များ ရွတ်ဖတ်ခြင်းတို့ပါဝင်ပါတယ်။
(Photo: AP)
ထိုင်းဘုရင်ဗာဂျီလောင်ကွန်းဟာ ရေစင်သွန်းလောင်းပြီးနောက် အဆင့်ကိုးဆင့်ပါ ထီးဖြူအနီး ထိုင်ခုံမှာထိုင်လျက် ရွှေနဲ့ အိန္ဒိယနိုင်ငံမှ စိန်တို့ဖြင့် စီခြယ်ထားတဲ့ ဘုရင့်သရဖူကို တရားဝင်ဆောင်းကာ ဘရင့်ဓားနဲ့ အခြား မင်းမြှောက်တန်ဆာတွေကို လက်ခံပါတယ်။
ယနေ့စတင်တဲ့ ဘုရင်ဗာဂျီယာလောင်ကွန်း နန်းတက်ပွဲဟာ ထိုင်းပြည်သူအများစုအတွက် ၎င်းတို့သက်တမ်းတစ်လျှောက် နန်းတက်ပွဲအခမ်းအနားကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် တွေ့မြင်ရမှုလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်တစ်ပါးရဲ့ နန်းတက်ပွဲကို ဗာဂျီယာလောင်ကွန်းရဲ့ဖခင် ဘူမီဘော နန်းတက်ခဲ့စဉ် ၁၉၅၀ ပြည့်နှစ်က နောက်ဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ရာ ၆၉ နှစ်အကြာမှသာ နန်းတက်ပွဲတစ်ခုကို နောက်ထပ် တွေ့မြင်ကြရတာဖြစ်တယ်လို့ သိရပါတယ်။
(Photo: Thai Government Public Relations)
"နန်းတက်ပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားပြီး ဝမ်းသာပါတယ်၊ အခု ဒီနေရာမှာရှိနေပြီး လူတွေရဲ့ ခံစားမှုတွေကို မှတ်တမ်းတင်သွားမှာပါ" လို့ နန်းတက်ပွဲအခမ်းအနားမှာ စေတနာ့ဝန်ထမ်း လုပ်အားပေးအဖြစ် ပါဝင်နေသူ အသက် ၁၆ နှစ်အရွယ် ကျောင်းသား Jakarin Kerdchok က ယနေ့ အခမ်းအနား မစတင်မီ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
၎င်းက နန်းတက်ပွဲကို တက်ရောက်လာကြတဲ့ အစိုးရတာဝန်ရှိသူတွေကို ဓာတ်ပုံရိုက်ရန် တာဝန်ယူထားတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ ပြည်သူတွေ ချစ်ခင်လေးစားကြတဲ့ ဘုရင်ဘူမီဘောဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ကွယ်လွန်သွားခဲ့ပြီးနောက် သားဖြစ်သူ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့တာဖြစ်ပါတယ်။
ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းဟာ ဖခင်ဖြစ်သူ ကွယ်လွန်ချိန်က ထီးနန်းဆက်ခံခဲ့စဉ် အသက် ၆၄ နှစ်အရွယ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ထီးနန်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ထီးနန်းဆက်ခံသူလည်း ဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာ အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက နန်းတက်ပွဲမတိုင်မီ ၎င်းရဲ့ ကာလရှည်ကြာ လက်တွဲဖော်နဲ့ ကိုယ်ရံတော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးဖြစ်သူ အသက် ၄၀ နှစ်အရွယ် စုသီတာကို လက်ထပ်ပြီး မိဖုရားတင်မြှောက်ခဲ့ကြောင်းလည်း သိရပါတယ်။
Source: CNA, Reuters, AFP