တရုတ်က လပေါ်မှ ကျောက်တုံးနမူနာကို ကမ္ဘာမြေပြင်သို့ ယူဆောင်နိုင်တဲ့ တတိယမြောက်နိုင်ငံဖြစ်ရန် ရည်မှန်းထားပါတယ်။

တရုတ်နိုင်ငံက လပေါ်မှ ကျောက်တုံးနမူနာများ ရယူရန်ကြိုးပမ်းတဲ့ အာကာသခရီးစဥ်ကို ယနေ့ (နိုဝင်ဘာ ၂၄ ရက်) မှာ စတင်လိုက်ကြောင်း သိရပါတယ်။

(Photo: NEWS.CN/Xinhua)

တရုတ်နိုင်ငံရဲ့ Chang'e-5 အာကာသယာဥ်ကို Long March 5 ဒုံးပျံဖြင့် Wenchang လွှတ်တင်ရေးစခန်းကနေ ယနေ့ ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ လွှတ်တင်လိုက်ပြီး အာကာသခရီးစဥ် အောင်မြင်ခဲ့ပါက လာမယ့် ဒီဇင်ဘာလလယ်မှာ ကမ္ဘာမြေပြင်သို့ ပြန်လည်ရောက်ရှိလာမယ်လို့ သိရပါတယ်။



လမျက်နှာပြင်ပေါ်မှ ကျောက်တုံးနမူနာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အချိန်က လေ့လာဆန်းစစ်ရန်အတွက် အမေရိကန်နဲ့ ဆိုဗီယက်တို့က ရယူခဲ့ကြဖူးပါတယ်။ တရုတ်က လပေါ်မှ ကျောက်တုံးနမူနာကို ကမ္ဘာမြေပြင်သို့ ယူဆောင်နိုင်တဲ့ တတိယမြောက်နိုင်ငံဖြစ်လာရန် ရည်မှန်းထားပြီး အလွန်ရှုပ်ထွေးတဲ့ ကြိုးပမ်းအားထုတ်မှုလည်း ဖြစ်ပါတယ်။

(Photo: NEWS.CN/Xinhua)

အဆင့်ဆင့် လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်မှာ လကိုလှည့်ပတ်မယ့်ယာဥ်၊ လပေါ်သို့ ဆင်းသက်-ပြန်တက်ယာဥ်နဲ့ နောက်ဆုံးမှာ ကျောက်တုံးနမူနာကို ပြန်လည်သယ်ဆောင်ပြီး ကမ္ဘာမြေပြင်သို့ ပြန်လည်ဆင်းသက်လာမယ့် အာကာသယာဥ်အခန်းတို့ ပါဝင်ပါတယ်။ တရုတ်နိုင်ငံက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း လကမ္ဘာသို့ခရီးစဥ်များ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ရာ ယခု ကျောက်တုံးနမူနာများ ရယူသွားရန် ကြိုးပမ်းအားထုတ်မှုအပေါ် ယုံကြည်မှုမြင့်မားစွာရှိထားပါတယ်။ တရုတ်နိုင်ငံက Chang'e-4 အာကာသယာဥ်ကို ၂၀၁၉ ခုနှစ်အတွင်း လပေါ်သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

(လပေါ်သို့ဆင်းသက်မှုကို သရုပ်ဖော်ရေးဆွဲထားမှု) (Image: BBC)

ယခု လွှတ်တင်လိုက်တဲ့ Chang'e-5 အာကာသယာဥ်ဟာ Oceanus Procellarum လို သိထားကြတဲ့ လမျက်နှာပြင် နယ်မြေအတွင်းရှိ Mons Rümker ခေါ် နေရာအနီးသို့ ဦးတည်လွှတ်တင်လိုက်ပါတယ်။ အဆိုပါနေရာရှိ ကျောက်တုံးတွေရဲ့ သက်တမ်းဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့က ရယူခဲ့ဖူးတဲ့ ကျောက်တုံးနမူနာတွေထက် သက်တမ်းအလွန်နုတယ်လို့ ဆိုပါတယ်။

တရုတ်က ရယူသွားမယ့် လမျက်နှာပြင်ပေါ်မှ ကျောက်တုံးနမူနာတွေဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁.၃ ဘီလီယံ ဖြစ်ကောင်းဖြစ်နိုင်ကြောင်းနဲ့ ယခင်က ကမ္ဘာမြေပြင်သို့ ယူဆောင်ခဲ့တဲ့ လပေါ်မှ ကျောက်တုံးတွေကတော့ နှစ်ပေါင်း ၃ ဘီလီယံနဲ့ ၄ ဘီလီယံကြား ဖြစ်ပါတယ်။

Source: Xinhua, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က