တရုတ်အစိုးရက အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာ ကောက်ပဲသီးနှံစား ကျိုင်းကောင်များ အစုအပြုံလိုက်ကျရောက်မှု နှိမ်းနှင်းရေး ကူညီရန်အတွက် ဘဲအကောင်ရေ ၁၀၀,၀၀၀ ကို စေလွှတ်ချထားပေးရန် စီစဥ်နေပါတယ်။
အကောင်ရ ၁၀၀,၀၀၀ ပါရှိတဲ့ ဘဲအုပ်စုကြီးကို ကျိုင်းကောင်နှိမ်နင်းရေးတပ်ဖွဲ့အသွင် ပါကစ္စတန်သို့ စေလွှတ်ချထားမှာ ဖြစ်ပါတယ်။ တရုတ်စိုက်ပျိုးရေးကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဘဲတစ်ကောင်ဟာ တစ်နေ့လျှင် ကျိုင်းကောင် ၂၀၀ ကျော်ကို စားနိုင်ပြီး ပိုးသတ်ဆေးများထက် ပိုမိုထိရောက်မှုရှိကြောင်း သိရပါတယ်။
ပါကစ္စတန်မှာ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ကျိုးကောင်ကျရောက်မှု အရေအတွက် အဆိုးဆုံးဖြစ်နေခဲ့ရာ အစိုးရက ယခုအစောပိုင်းမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ သန်းနဲ့ချီ အရေအတွက်ရှိတဲ့ ကျိုးကောင်အုပ်စုတွေက အရှေ့အာဖရိကမှာလည်း ကောက်ပဲသီးနှံစိုက်ခင်းတွေကို ဖျက်ဆီးနေခဲ့ပါတယ်။
(Photo: Siddique Baluch/AP)
ကျိုင်းကောင်နှိမ်နင်းရေး ထိရောက်တဲ့ အစီအစဥ်များ လုပ်ဆောင်နိုင်ရန်အတွက် ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို ပါကစ္စတန်သို့ စေလွှတ်သွားမယ်လို့လည်း တရုတ်အစိုးရက ယခုသီတင်းပတ်အတွင်း ကြေညာထားပါတယ်။ Zhejiang Academy of Agricultural Sciences မှ အကြီးတန်း သုတေသီဖြစ်သူ Lu Lizhi က ဘဲများကို ဇီဝလက်နက်များအဖြစ် ညွှန်းဆိုပြောကြားပါတယ်။ ဘဲကြက်တစ်ကောင်က တစ်နေ့လျှင် ကျိုင်းကောင်အရေအတွက် ၇၀ ကို စားနိုင်ချိန်မှာ ဘဲတစ်ကောင်က တစ်နေ့လျှင် ထိုအရေအတွက်ထက် သုံးဆကျော် ပိုစားနိုင်တယ်လို့ ၎င်းကဆိုပါတယ်။
"ဘဲတွေက အုပ်စုလိုက်နေတတ်ကြတော့ ကြက်တွေထက် ထိန်းကျောင်းရတာလည်း ပိုလွယ်ပါတယ်" လို့ သုတေသီ Lu Lizhi က တရုတ်မီဒီယာကို ပြောပါတယ်။ ဘဲများဖြင့် ကျိုင်းကောင်းနှိမ်နင်းရေး စမ်းသပ်မှုကို လာမယ့် လများအတွင်း တရုတ်အနောက်ပိုင်း Xinjiang ပြည်နယ်မှာ ပြုလုပ်သွားမယ်လို့ ၎င်းကပြောကြောင်း Bloomberg သတင်းဌာနက ဖော်ပြပါတယ်။
(Photo: Getty Images)
ထိုသို့ စမ်းသပ်ပြီးနောက် ပါကစ္စတန်မှာ ကျိုးကောင်ကျရောက်မှု အဆိုးရွားဆုံးကြုံနေရတဲ့ ဆင်းဒ်ဟ်၊ ဘလူချီစတန်နဲ့ ပန်ဂျပ်ဘ်ပြည်နယ်များသို့ ဘဲအုပ်စုကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ ၂၀၀၀ ပြည့်နှစ်အတွင်းက တရုတ်နိုင်ငံမှာ Zhejiang ပြည်နယ်မှ Xinjiang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ ကျိုင်းကောင်နှိမ်းနင်းအတွက် ဘဲအကောင်ရေ ၃၀,၀၀၀ ပို့ဆောင်ခဲ့ဖူးပါတယ်။
လက်ရှိ ပိုးမွှားများ အလွန်များပြားစွာ ကျရောက်ခြင်းဟာ ၂၀၁၈-၁၉ ဆိုင်ကလုန်းရာသီက အာရေဗီယန်ကျွန်းဆယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ပိုးမွှားအကောင်ရေ မကြုံစဖူး တိုးပွားလာမှုကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောထားပါတယ်။ ထိုစဥ်ကတည်းက တောင်အာရှနဲ့ အရှေ့အာဖရိတို့မှာ ကျိုင်းကောင်များ အစုအပြုံလိုက် ကျရောက်မှုတွေ ကြုံနေခဲ့ရပါတယ်။
အရှေ့အာဖရိတစ်လျှောက် သဲကန္တာရကျိုင်းကောင်များ အစုအပြုံလိုက် ကျရောက်မှုကို တိုက်ဖျက်နှိမ်နင်းရေး နိုင်ငံတကာအနေနဲ့ ကူညီကြရန် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ကုလသမဂ္ဂက တိုက်တွန်းခဲ့ပါတယ်။ အီသီယိုးပီးယား၊ ကင်ညာန့ ဆိုမာလီယာ နိုင်ငံတွေမှာ မကြုံစဖူး များပြားလွန်းလှတဲ့ ကျိုင်းကောင်အုပ်စုများကြောင့် ကောက်ပဲသီးနှံ ပျက်စီးဆုံးရှုံးမှုတွေ ကြုံနေခဲ့ရပါတယ်။
Source: BBC, CGTN