မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ပထမဆုံးအကြိမ် ထိပ်သီးတွေဆုံဆွေးနွေးရန် ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ခ်မြို့ကို ယနေ့ (ဧပြီ ၂၄ ရက်) ရောက်ရှိလာခဲ့ပါတယ်။
အမေရိကန်နဲ့ နျူကလီယားအရေး ဆွေးနွေးမှုတွေ မရေမရာဖြစ်နေခဲ့ပြီးနောက် ကင်မ်ဂျုံအန်က နိုင်ငံတကာ ထောက်ခံမှုရရှိစေရန် ရည်ရွယ်ပြီး ပူတင်နဲ့ ထိပ်သီးတွေ့ဆုံရန် စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ကင်မ်ဂျုံအန် စီးနင်းလိုက်ပါလာတဲ့ ရထားက မြောက်ကိုရီးယားမှ ရုရှားနိုင်ငံအတွင်း နာရီအနည်းငယ်ကြာ ခုတ်မောင်းလာခဲ့ပြီးနောက် ဗလာဒီမိုစတော့ခ်မြို့ ဆိပ်ကမ်းနေရာရှိ ဘူတာရုံသို့ ဆိုက်ရောက်လာခဲ့ပါတယ်။ ယခုခရီးစဉ်ဟာ ကင်မ်ဂျုံအန်ရဲ့ ပထမဆုံး တရားဝင် ရုရှားခရီးစဉ်လည်း ဖြစ်ပါတယ်။
ကင်မ်ဂျုံအန်က ရုရှားသမ္မတပူတင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုနဲ့အတူ ၎င်းကိုယ်၎င်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အရေးပါသူတစ်ဦးအဖြစ် ကမ္ဘာကိုပြသနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ထို့အတူ အမေရိကန်နဲ့ နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကြောင့် အခက်အခဲဖြစ်နေတဲ့ မြောက်ကိုရီးယားရဲ့ စီးပွာရေးကဏ္ဍအတွက်လည်း ရုရှားထံမှ အကူအညီရရှိနိုင်ရန်လည်း ကင်မ်ဂျုံအန်က ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။
(ကင်မ်ဂျုံအန်ကို ရုရှားအစိုးရတာဝန်ရှိသူများနဲ့အတူ တွေ့ရစဉ်) (Photo: Xinhua)
ကင်မ်ဂျုံအန်နဲ့ ပူတင်တို့ဟာ ကြာသပတေးနေ့ (ဧပြီ ၂၅ ရက်) မှာ ထိပ်သီးတွေ့ဆုံကြမှာဖြစ်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား နျူကလီးယားအရေး မတိုးသမဆုတ်သာဖြစ်နေတဲ့ အခြေအနေကို အဓိက ဆွေးနွေးကြမယ်လို့ ရုရှားသမ္မတနန်းတော်မှ ယူရီအူရှာကော့ဗ်က ပြောပါတယ်။
"ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေ တည်ငြိမ်မှုရှိခဲ့ပါတယ်၊ ဒါကလည်း မြောက်ကိုရီးယားက ဒုံးကျည်းစမ်းသပ်မှုတွေ ရပ်ဆိုင်းလိုက်မှုနဲ့ နျူကလီးယားစမ်းသပ်စခန်း ပိတ်သိမ်းလိုက်မှုတွေကြောင့်ဖြစ်ပြီး ဒီအတွက် ကျေးဇူးတင်ရပါတယ်၊ ရုရှားက အဲဒီ အပြုသဘောဆောင်တဲ့ အလားအလာကောင်းကို ခိုင်မာစေဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းနဲ့ကူညီသွားဖို့ ရည်ရွယ်ထားပါတယ်" လို့ ယူရီအူရှာကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
(ကင်မ်ဂျုံအန်ကို ရုရှားအစိုးရတာဝန်ရှိသူများ တွေ့ဆုံစဉ်) (Photo: Xinhua)
မြောက်ကိုရီးယားခေါင်းဆောင် ကမ်င်ဂျုံအန်ကလည်း ရုရှားနယ်စပ်ဘူတာရုံ ခါဆန်မှာ ခေတ္တရပ်နားခဲ့စဉ် သမ္မတပူတင်နဲ့တွေ့ဆုံရာမှာ အကျိုးရှိပြီး အောင်မြင်တဲ့ ဆုံးဖြတ်ချက်တွေကို မျှော်လင့်ထားကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။
"ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ညှိနှိုင်းစေ့စပ်ညှိနှိုင်းမှုနဲ့ ကျွန်တော်တို့ရဲ့ အပြန်အလှန် ဆက်ဆံရေး ကိစ္စတွေကို ဆွေးနွေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ကင်မ်ဂျုံအန်က စကားပြန်မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ခါဆန်ဘူတာရုံမှာ ခရီးတစ်ထောက်ရပ်နားခဲ့တဲ့ ကင်မ်ဂျုံအန်ကို ပန်းစည်းများနဲ့ ရိုးရာလက်ဆောင်တွေဖြစ်တဲ့ ပေါင်မုန်နဲ့ဆားတို့ပေးအပ်ပြီး ကြိုဆိုခဲ့ကြကြောင်း RIA သတင်းဌာနက ဖော်ပြပါတယ်။
(ကင်မ်ဂျုံအန်ကို ကြိုဆိုခဲ့စဉ်) (Photo: Xinhua)
ထို့နောက် ကင်မ်ဂျုံအန်က ခါဆန်ဘူတာရုံမှာ ဆောက်လုပ်ထားတဲ့ Russian-Korean Friendship House ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဆိုပါ အထိမ်းအမှတ် အဆောက်အအုံကို ၁၉၈၆ ခုနှစ်က ကင်မ်ဂျုံအန်ရဲ့အဘိုး မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်မ်အီလ်ဆွန်းရဲ့ ရုရှားခရီးစဉ်အကြို ဆောက်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်မ်အီလ်ဆွန်းဟာ ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။